မေတ္တာမြို့မှ ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း ထိခိုက် သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း Lark Guerilla Force တပ်ဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ် အရှေ့တောနယ် မေတ္တာမြို့မှ ပြန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပခပ်ရွာနှင့် ဓားသွေးကြောက်ရွာ အကြားရှိ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို LARK GUERRILLA FORCE ( LGF) ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဏတ် တပ်ဖွဲ့ နှင့် ထားဝယ်ခရိုင်တပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းတာဖြင့် စစ်ရေးများကို အရှိန်ဟုန်မြင့် စွာ ဆောင်ရွက်နေသော အချိန်ဖြစ်သောကြောင့် အထူးသတိပြု သွားလာနေထိုင်ကြပါရန် LARK GUERRILLA FORCE (LGF) တပ်ဖွဲ့က တိုက်တွန်းထားသည်။