ကရင်၊ ပဲခူးနှင့် မွန် ပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ၏ ဒူးပလာယာခရိုင် ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်က မောင်းမကျေးရွာအုပ်စုရှိ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၂၇ နှစ်အရွယ် စောသားသားသည် ခန္ဓာကိုယ်တစ်ခုလုံး ထိမှန်ပြီး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၅၇ နှစ် အရွယ်ရှိ စောပလုံးချီ (ခေါ်) ဦးမောင်အောင်မြင့်သည် ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံသို့ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိကြောင်း ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကပြောဆိုသည်။
ပဲခူးတိုင်း ခလယ်လွီထူခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။
ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျောက်စရစ် ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၆ နာရီ ၄၃ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာ စာသင်ကျောင်းအနီးနှင့် အင်တိုင်းကုန်းကျေးရွာအနီးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မူးမြို့နယ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် သပြေညွှန့်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကမူလိုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောမောင်ချိုကို သပြေညွှန့်ကျေးရွာတွင် ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆီဆုံကုန်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ဒူးသထူခရိုင်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောရွာ ထီးညအိုးပိုင်းရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ဌက်ပျောတောရွာ ထီးညအိုးပိုင်းနေ ဦးအောင်စိုးနေအိမ်ကို လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် ၆၅ သိန်း နှင့် ရွှေ ၇ ပဲ မီးလောင်ပျက်စီးခဲ့ပြီး နော်အေး ၏ ဘယ်မေးရိုးကိုလည်း လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။