28 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်/ညွှန် သန်းထွန်းကို PDF က ဖမ်းဆီးသွားပြီးနောက် စစ်တပ်က ရှမ်းပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းကို စုံခုံဖွဲ့၍ စစ်ဆေး

Must read

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်/ညွှန် သန်းထွန်းကို PDF က ဖမ်းဆီးသွားပြီးနောက် စစ်တပ်က ရှမ်းပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းကို စုံခုံဖွဲ့၍ စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းကို စုံခုံဖွဲ့၍ စစ်ဆေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ရွှေတောင်မြို့မှ တောင်ကြီးမြို့သို့ ပြန်လာသည့် ရှမ်းပြည်နယ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး (AD) သန်းထွန်းကို ရန်ကုန်-မန္တလေး အမြန်လမ်းရှိ မိုင်တိုင် ၂၆၂ တွင် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းနှင့် ရုံးအုပ်တို့ကို စုံခုံဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း ဖမ်းဆီးခံရမှုအတွက် ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းတွင် တာဝန်ရှိသည်ဟုဆိုကာ စစ်တပ်က စုံခုံဖွဲ့၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပါက သက်ဆိုင်ရာ ဌာန အနေဖြင့် မည်သည့် ကူညီမှုများ မပေးနိုင်သည့်အတွက် မိမိ လုံခြုံရေးကို သတိရှိရှိထား၍ သွားလာကြရန် စစ်ကောင်စီက ဝန်ကြီးဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း သိရသည်။

“သန်းထွန်းက ရွှေတောင်ကနေ တောင်ကြီးအပြန် လမ်းမှာ တော်လှန်ရေး ရဲဘော်တွေရဲ့ အစစ်အဆေးခံရပြီး အဖမ်းခံရတာ။ အခုဆိုရင် ရှမ်းပြည်နယ် လမ်းဦးစီး ကြီးကြပ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ကျော်ကျော်ဝင်းနဲ့ သူ့ရဲ့ ရုံးအုပ်ကြီးတို့ စုံခုံဖွဲ့ အစစ်ဆေးခံနေရတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၆၂ ၌ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေ ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယယုယုခိုင်တို့ကို ဖမ်းဆီးခဲ့ကြောင်း Aung San’s Land Natmauk တာဝန်ခံ ဘာမထီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ဖမ်းဆီးခံထားရသော ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး (AD) သန်းထွန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article