23.8 C
Yangon

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

Must read

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးထက်မနည်းသေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးဘေးရှိ အဆောက်အအုံတစ်ခုအတွင်း ကင်းပုန်းဝပ်နေသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်း တနေရာရှိ ပြည်သူပိုင်အဆောက်အဦး ၁ လုံးအတွင်း၌ ကင်းပုန်းဝပ်ရန် အကြမ်းဖက်စစ်သား ၂ ဦး ရောက်ရှိလာပြီး စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ ၅ မိနစ်ခန့်အကြာတွင် ယင်းအကြမ်းဖက်စစ်သား ၂ ဦး ပြန်လည်ထွက်သွားပြီးနောက် ၃ မိနစ်ခန့်အကြာ ချောင်းဦးမြို့တွင်းမှ ဖောကားအဖြူရောင် ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၃၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် အကြမ်းဖက်စစ်သားများ အသီးသီးနေရာယူရန် ပြင်ဆင်နေစဉ် ချောင်းဦးမြို့နယ် ပကဖ တိုက် ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၄ မှရဲဘော်များက အဆောက် အအုံ အဝင်တွင် မိုင်း ၂ လုံး၊ အဆောက်အအုံနှင့် မုံရွာ မန္တလေးလမ်းမကြီးအကြား မိုင်း ၂ လုံး တို့ဖြင့် တပြိုင်တည် တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရသည်။

“ချောင်းဦးမြို့ထဲကနေထွက်တဲ့စခတွေပဲ၊ ကျနော်တို့ယူဆတာတော့ မုံရွာ-မန္တလေးလမ်းကြောင်းမှာ လမ်းကြောင်းရှိပုံရတယ်၊ ပုံမှန်လည်းအဲလိုလမ်းကြောင်းရှိတဲ့အခါမှာ ကင်းပုန်းထွက်နေကြ။ ၂ ဦးက အဆောက်အအုံအတွင်းကို ပထမဆုံးလာကြည့်တဲ့သဘောပဲ၊ သူတို့ကင်းယူမယ့်နေရာကို ခဏလာ ကြည့်ပြီးတော့ ပြန်ထွက်သွားချင်းချင်းပဲ ၃ မိနစ်လောက်ပဲကြာမှာ ဖောကား ၂ စီးနဲ့ အင်အားရောက် လာတာ၊ ရောက်ရောက်ချင်း နေရာယူကြဖို့ပြင်နေတုန်း တချို့အဆောက်အအုံထဲဝင်နေတုန်း တချို့ လမ်းပေါ်မှာရှိနေတဲ့အချိန် ၄ လုံးပဒေသာမိုင်းနဲ့ဆွဲတာ။ အဆောက်အုံထဲမှာလည်း သေတာရှိတယ်၊ လမ်းပေါ်မှာလည်းအလောင်းတွေရှိတယ်၊ ဒဏ်ရာရတဲ့သူတွေကို ဦးစားပေးပြီးတော့ ချောင်းဦးမြို့ထဲသယ်သွားပြီ။ အလောင်းတွေကတော့ အခုချိန်အထိ မကောက်နိုင်သေးဘူး။ လက်ရှိ မျက်မြင်ကတော့ ၇ ဦးရှိတယ်၊ ဒါ့ထက်ပိုမယ်တိတိကျကျတော့မသိရသေးဘူး။” ဟု ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို သယ်ယူရန် ကင်းပုန်းထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး ထက်မံသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မျက်မြင်သေတာက ထိတွေ့တိုက်ပွဲမှာရောဆိုရင် ၈ ဦးရှိတယ်၊ အဆောက်အအုံထဲမှာလည်း အ လောင်းတွေတော်တော်များတယ်လို့ သတင်းရထားတယ်။ ဖောကား ၂ စီးနဲ့ဆိုတော့ အင်အားက ခန့်မှန်းခြေ ၂၀ နဲ့ ၃၀ ကြားရှိမယ်၊ ထိတွေ့မှုက အလောင်းကောက်ဖို့နဲ့ ဒဏ်ရာရသူတွေသယ်ဖို့ အတွက် ထပ်ပြီးတော့ ကင်းထပ်တိုးတဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းရဲဘော်နဲ့တွေ့ပြီးတော့ ထိတွေ့ မှုဖြစ်တာ၊ သူတို့ဘက်ကလက်နက်ကြီးပစ်ခတ်မှုတော့ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်တပ်စစ်ကြောင်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများ သေဆုံးမှုများပြားသည့်အပြင် ဗိုလ် ၁ ဦးအပါအဝင် အကြမ်းဖက်စစ်သား ၁၀ ဦးခန့် ချောင်းဦမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေး တိုင်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားအင်အားတိုးမြှင့်ကာ စစ်ဆေးမှုများ ပြုလုပ်နေ သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသောကြောင့် မုံရွာ -မန္တလေးလမ်းကို အသုံးပြု သွားလာနေကြသော ခရီးသွားပြည်သူသူများအနေဖြင့် စစ်ရေး ၊ အသိ ၊ သတိထားဆင်ခြင်၍ သွားလာကြပါရန် တိုက်တွန်းမေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article