ရေဦးမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်မှ စစ်သားများက ဖြတ်သန်းသွားလာနေသည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်နေ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်က ကျေးရွာများမှ ဈေးလာဝယ်သည့် ပြည်သူများထံမှ မြို့တွင်းဖြတ် သန်းသွားလာခ ဟုဆိုကာ ငွေကျပ် ၁၀၀၀၀ ခြိမ်းခြောက်တောင်းခံပြီး အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကား မှုများလုပ်ဆောင်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ်မှ စတင်ပြီး ရေးဦးမြို့အဝင်အထွက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်များသည် ကျေးရွာများမှ ဈေးဝယ်ပြီးလာသည့် ပြည်သူများကို ဖမ်းဆီးဖမ်းဆီးငွေညှစ်မှုများနှင့် ဝယ်ယူလာသော ပစ္စည်းများကို ဆွဲချယူဆောင်မှုများ ပိုမိုလုပ်ဆောင်လာပြီးနောက် နှစ်ကုန်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဈေးလာဝယ်သည့် ပြည်သူများထံမှ မြို့တွင်း ဖြတ်သန်းသွားလာခဟု ဆိုကာ ငွေကျပ် ၁၀၀၀၀ ခြိမ်းခြောက်တောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာများမှ ဈေးလာဝယ်သည့် ပြည်သူများထဲမှ အမျိုးသမီးငယ်များ လိုက်ပါလာလျှင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုမှုများလည်း ပြုလုပ်ကြောင်း၊ အမျိုးသမီးငယ်များသည့် ထိုသို့ ပြောဆို ဆက်ဆံခံရသော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး အရေးယူမည်ကို ကြောက်လန့်သောကြောင့် ပြန်လည် ပြောဆိုခြင်း မပြုလုပ်ရဲကြကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွဲမှုရှိသော ကျေးရွာများမှ အမျိုးသမီးများ ဈေးလာဝယ်လျှင် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီး လိင်ပိုင်ဆိုင်ရာ စော်ကားမှုများ ပြုလုပ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော အမျိုးသမီးများကိုလည်း ငွေကျပ် ရာချီပေး၍ မိသားစုဝင်များက လိုက်လံ ရွေးထုတ်ရကြောင်း သိရသည်။
“ကျေးရွာတွေ ဘက်ကနေ ရေဦးမြို့ပေါ် စျေးဝယ်သွားတဲ့ ပြည်သူတွေကို စစ်ခွေးတွေက မြို့တွင်းဖြတ်သန်းသွားလာခ ဆိုပြီး ငွေကျပ် ၁ သောင်း တောင်းပါတယ်။ စစ်ခွေးဂိတ်တွေကနေ တောင်းနေတာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း စစ်ခွေးဂိတ်တွေက စျေးဝယ်ပြန်ထွက်လာတဲ့ ပြည်သူတွေဆီကနေ ဝယ်လာတဲ့ ပစ္စည်းတွေဆွဲချ ယူတာတွေ လူဖမ်းပြီး ပိုက်ဆံညှစ် တာတွေ လုပ်နေပေမယ့် အခုက ပြည်သူ အကုန်လုံးဆီက ပေါ်တင်ကို တောင်းနေတာပါ။ နောက်ပြီး စျေးလာဝယ်တဲ့ အမျိုးသမီးတွေကိုလည်း ထိကပါးရိကပါး သားပြောမယားပြောတယ်။ အဲလိုပြောလည်း ဘာမှပြန်မပြောရဲကြဘူး။ စစ်ခွေးတွေ အကြောင်းမဲ့ ဖမ်းဆီးမှာကို ကြောက်နေကြတယ်။ နောက်ပြီး တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်ထားတဲ့ ကျေးရွာတွက ပြည်သူ အမျိုး သမီးတွေ ဈေးလာဝယ်ရင်လည်း စစ်ခွေးတွေက အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးတာတွေလုပ်ပြီး လိင်ပိုင်ဆိုင်ရာ စော်ကားတာတွေလုပ်ပါတယ်။ အမျိုးသမီးတွေ ဖမ်းခံရပြီဆို အာမခံ ကောင်းကောင်းနဲ့ ငွေနဲ့ ပြန်ရွေးထုတ်မှပဲ ပြန်လွှတ်ပေးတာတွေရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ဓာတ်ပုံ-မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)