25 C
Yangon

မြ၀တီ၊ ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းခွင်များမှ လူတစ်ဦးလျှင် တစ်လ ထိုင်းဘတ် ၅၀၀၀ BGF က တိုးမြှင့်ကောက်ခံ

Must read

မြ၀တီ၊ ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းခွင်များမှ လူတစ်ဦးလျှင် တစ်လ ထိုင်းဘတ် ၅၀၀၀ BGF က တိုးမြှင့်ကောက်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုကိုလ်မြိုင် ရထိုက်မြို့သစ်စီမံကိန်းအတွင်းရှိ ကျားဖြန့်အလုပ်ရုံများတွင် လုပ်ကိုင်နေသူများကို လူတစ်ဦးလျှင် ထိုင်းဘတ် ၅၀၀၀ နှုန်း BGF က တိုးမြှင့် ကောက်ခံနေကြောင်း ရွှေက္ကိုလ်မြို့သစ်အတွင်း ရောက်ရှိနေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း၊ ယခင်က တစ်ဦးလျှင် တစ်လ ထိုင်းဘတ် ၃၀၀၀ ကောက်ခံရာမှ ဖေဖော်ဝါရီလမှစ၍ ဘတ် ၅၀၀၀ ကောက်ခံမည်ဟု စာထွက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အဲဒီငွေတွေက မြို့သစ်စီမံကန်းထက် BGF စောချစ်သူရဲ့ ဘတ်ဂျက်လမ်းကြောင်းလို့ပြောရင် ပိုမှန်ပါမယ်။ အရင်လတွေကတော့ တစ်လကို ဘတ်ငွေ ၃၀၀၀ ပဲ ကောက်တာပါ အခုက ဘတ်ငွေ ၅၀၀၀။ မြို့သစ်တစ်ခုတည်းမှာတင် ကျားဖြန့်လုပ်ကိုင်သူ လူဉီးရေ ၃ သောင်းကနေ ၆ သောင်း ဝန်းကျင်ထိရှိပါတယ်။ ပိုများဖို့ပဲရှိတယ်”ဟု ရွှေကုကိုလ်မြိုင်တွင် အလုပ်လုပ်ကိုင်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြ၀တီတွင် BGF က ထိုသို့ လစဉ်ကြေးကောက်ခံသည့်အတွက် လစဉ် ထိုင်းဘတ် အနည်းဆုံး သိန်း ၁၅၀၀ ခန့် ရရှိနေမည်ဖြစ်ပြီး အဆိုပါ ငွေကြေးတွင် ရေဖိုး၊ မီးဖိုး၊ ကုမ္ပဿီဆပ်ကြေး၊ ကုမ္ပဏီဖွင့်ကြေး၊ အခွန်ငွေ စသည်များ မပါသေးကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင် ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP ၏ အစီရင်ခံစာအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article