မုံရွာ -မန္တလေးလမ်းပိုင်းတွင် ဆက်ကြေးနေသော စစ်သားများနှင့် မြိုင်တွင် ရိက္ခာ စစ်ကြောင်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦး PDF – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၁၂ မိနစ်ခန့်တွင် မုံရွာမြို့နယ် ၊ တောပုကျေးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၂၀ ဦးခန့်သည့် မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကင်းယူပြီး ပြည်သူများကို အနိုင်ကျင့် ဆက်ကြေး ကောက်ခြင်း ပြုလုပ်နေသောကြောင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အရင်ကလည်း ဒီနေရာမှာ လမ်းပိုင်းလုံခြုံရေးယူတယ်။ ခရီးသွားပြည်သူတွေဆီက ဆက်ကြေး ကောက်တာ လုပ်လေ့လုပ်ထရှိတဲ့နေရာပဲ ၇ ဦးလောက်ဆွဲထုတ်သွားတာတော့တွေ့တယ်။ သေ မ သေနောက်ဆက်တွဲသိရဖို့ကတော့ စုံစမ်းဆဲပါ။ လောလောဆယ်တော့ အဲဒီနေရာမှာ မရှိတော့ဘူး။ သူတို့က ပုံမှန်လမ်းကြောင်းယူနေကြရာပဲ ကျနော်တို့တပ်ဖွဲ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်နေပါတယ်။ နောက်ထပ်လည်း တိုက်ပွဲတွေဖော်ဆောင်ဖို့ရှိပါတယ်။ အရင်ကလည်း တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာရှိပါတယ်။ ပြည်သူလူထုတွေအနေနဲ့ ဆက်လက်ပြီး ပူးပေါင်း ပါဝင်ပံ့ပိုးပေးကြပါ အုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ချောင်းဦး PDF – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၁ ၊ Special Force-11 (LPDF) Monywa ၊ Special ဒိတ်ဒိတ်ကြဲအဖွဲ့နှင့် Monywa Dynamite (STF) တို့ ပူးပေါင်း ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး မိုင်းရှင်းသည့် ဘတ်ဖိုးကား ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း Ghost Of Enemies Revolution Force (G.O.E) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြိုင်မြို့မှ အင်အား ၁၅၀ ခန့်ဖြင့် စက်မှု ၂ ဘက်ကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင် -စက်မှု ၂ လမ်းတစ်လျှောက် မိုင်းအလုံးရေ ၅၀ ကျော်ဖြင့် တောက်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖစ်စဥ်ကတော့ အင်အားကြီးစစ်ကြောင်းကို ခက်ခက်ခဲခဲ မိုင်းဆွဲတိုက်ခိုက်တာပါအကို အဲ လမ်းပိုင်းက ခွေးနဲ့ အနီးဆုံးနယ်မြေမို့ ပြည်သူတွေ သွားလာခွင့် ပိတ်ထားပြီး ကျန်တော်တို့ ရှင်လင်းရေး လုပ်ဆောင်နေတာပေါ့။ သေတာကတော့ ၃ ဦးထက်ပိုနိုင်တယ်။ အတည်ပြုနိုင်တာက ၃ ယောက်ပဲ အတည်ပြုရလို့ပါ။ မြိုင်နဲ့စက်မှု ၂ ကြား လမ်းကြောင်းတစ်လျှောက်လုံးမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းအလုံးပေါင်းက ၅၀ ကျော်တယ်။ အလုံးပေါင်း ၃၀ ကျော်ပဲ ဆွဲနိုင်ခဲ့တယ်။ စစ်ခွေး စစ်ကြောင်းက အင်အားကြီးတော့ မိုင်းတွေ အကုန်မဆွဲနိုင်ခဲ့ဘူး” ဟု Ghost Of Enemies Revolution Force (G.O.E) အဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် မိုင်းထိမှန်ထားသော ဘတ်ဖိုးကား ၁ စီး သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် စစ်သားများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“မိုင်းရှင်းလင်းရေး ဘတ်ဖိုးကားကိုတော့ ကျနော်တို့ နယ်မြေခံအဖွဲ့တွေ စစ်ကြောင်း ၂ ခုကြားကနေ လက်ခက်ခဲခဲကို ဝင်ယူပြီးသိမ်းခဲ့တာပါ။ ဘီးပေါက်လျက်ကြီးအတိုင်း ခက်ခက်ခဲခဲသယ်ယူခဲ့ရတာပေါ့။ စစ်ကြောင်းက လက်ရှိ မြိုင်မှာက ၁၅၀ လောက်ရှိတယ်။ စက်မှု ၂ မှာလည်း ၁၅၀ လောက်ရှိနေတာ” ဟု Ghost Of Enemies Revolution Force (G.O.E) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
အဆိုပါတိုက်ခိုက်မှုနှင့် နယ်မြေရှင်းမှုကို မြိုင်မြို့နယ် ပကဖ လက်အောက်ခံအဖွဲ့များဖြစ်ကြသော Ghost Of Enemies Revolution Force (G.O.E) အဖွဲ့နှင့်အတူ ကိုစတီးအဖွဲ့၊ ကိုကင်းအဖွဲ့ နှင့် ဓားမင်း ကြီးအဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။