စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၅
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဆိုသော ပြဋ္ဌာန်းချက်များကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် တရားဝင်ပြဋ္ဌာန်း ၍ စတင်ပိတ်ပင်လိုက်ကြောင်း အဆိုပါ နည်းဥပဒေအရ သိရှိရသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေတွင် စစ်မှုထမ်းရန် အကျုံးဝင်သော အသက် အရွယ်များအားလုံးသည် မဖြစ်မနေ စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေ အခန်း ၁၀ အထွေထွေ ပြဋ္ဌာန်းချက် ၏ ပုဒ်မ ၅၀ တွင် ဆေးစစ်အောင်မြင်ပြီးသူသည် ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်း လွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမည့် ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန် ဖြစ်စေ သီးခြားဖော်ပြထားသည့်ကာလ အပိုင်းအခြားတစ်ခုအထိ ရွှေ့ ဆိုင်းရန် ဖြစ်စေ လျှောက်ထားခဲ့ပါက ယင်းလျှောက်ထားမှု အပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရ ဟု ပြဋ္ဌာန်းထား သည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းနည်း ဥပေဒ ပုဒ်မ ၅၁ တွင် စစ်မှုထမ်းရန် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိစေရ ဟု ပြဋ္ဌာန်းထားပြန်သည်။
အလားတူ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ၏ ပုဒ်မ ၅၂ ပြဋ္ဌာန်းချက်တွင်မူ စစ်မှု ထမ်းရန် ပုဒ်မ ၅၀ နှင့် ပုဒ်မ ၅၁ တို့တွင် အကျုံးဝင်သူများ စာရင်းကို သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ ပေးပို့ရမည်ဖြစ်ကြောင်း ပြ ဌာန်း ထားသည်။
“ပုဒ်မ ၅၀ နဲ့ ပုဒ်မ ၅၁ က စစ်မှုထမ်းရမယ့် အသက် အကျုံးဝင်နေတဲ့ လူငယ်တွေကို ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီလို့ ပြောလို့ရတယ်။ ပုဒ်မ ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ်အောင်မြင်ပြီးသူကို ပြည်ပထွက်ခွင့် ပိတ်တယ်။ ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ အမိန့်စာရရှိသူကလည်း ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိစေရ လို့ပြဋ္ဌာန်းထားတယ်။ စစ်မှုထမ်းဖို့ အသက် အရွယ် အကျုံးဝင်သူတွေကို စာရင်းကောက် ပြီး ပေးပို့ မှတ်ပုံတင်ထားတယ်။ အဲဒီစာရင်းကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေနဲ့ လေဆိပ်တွေကိုလည်း ပေးပို့ထားမယ်လို့ ပါတယ်။ ပြဋ္ဌာန်းချက်တွေက သရေပင်းလို လိုရင် လိုသလို ဆွဲချဲ့လို့ရတော့ လူငယ်တွေအားလုံး သက်ရောက်မှုရှိတဲ့ သဘောပဲ။ နိုင်ငံခြားထွက်မယ်ဆိုရင် စစ်မှုထမ်းပြီးကြောင်း လက်မှတ်၊ သူတို့ ထုတ်ပေးတဲ့ စစ်မှု ထမ်းရန် ရွှေ့ဆိုင်းခွင့်၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် လက်မှတ် တွေ တင် ပြမှ ပြည်ပထွက်ခွင့် ပြုတော့မယ့် အခြေအနေ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ တရား လွှတ်တော် ရှေ့နေတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအထိ အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရမည့် လူငယ်များ စာရင်းကို ပြုစု မှတ်ပုံ တင် ပေးပို့ရမည်ဖြစ်ကြောင်း၊ ပေးပို့ထားသော စာရင်းပါ လူငယ်များ သည် စစ်မှုထမ်းရန် အဆင့်သင့်ရှိကြောင်း ကာယကံရှင် သို့မဟုတ် မိသားစုဝင်က သတင်း ပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ရန် ပျက်ကွက်ပါက ဥပဒေဖောက် ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
“နည်းဥပဒေက စစ်မှုထမ်းဖို့ သတင်းပို့ဖို့ ပျက်ကွက်ရင်၊ စစ်မှုထမ်းရမယ့် လူ ငယ်က ထွက်ပြေးသွားရင် မိသားစုဝင်တွေကိုပါ အရေးယူမယ့် ပြဋ္ဌာန်းချက်မျိုးလည်း မြင်တွေ့ရတယ်။ ဥပမာဆိုရင် ပြည်သူ့စစ်မှုထမ်း နည်းဥပေဒ ပုဒ်မ ၃၃ (က)နဲ့ (ခ) ဟာ အဲဒီပြဋ္ဌာန်းချက်ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေက ဆက်လက် ပြောဆိုသည်။
အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။