အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်း၊ သထုံတွင်လည်း လေတပ် တပ်သားဟောင်း ကိုလွင်ကို စစ်တပ်က ဖမ်းဆီးသွား
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က မိခင်ဖြစ်သူရှေ့တွင် ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာမှ ပျူစောထီး ခေါင်းဆောင် သိန်းအောင်မြင့် ဦးဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အိုးသည်ကုန်းမြို့ကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် အိုးသည်ကုန်းမြို့မှ လူငယ် အများအပြား ထွက်ပြေး လွတ် မြောက်ခဲ့သော်လည်း မြို့မ ရပ်ကွက်ကို ဒေါ်ငခူမ၏ သားဖြစ်သူနှင့် တူဖြစ်သူကို ပျူစောထီးများနှင့် စစ်သားများက မိခင်ဖြစ်သူရှေ့တွင် ဝိုင်းဝန်းရိုက်နှက်ပြီး စစ်ကားပေါ် ဆွဲတင်သွားကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးသွားသော လူငယ်များကို အုတ်ဖို ထွေ/အုပ်ရုံးတွင် ဖမ်းဆီးထားစဉ် မိသားစုဝင်များက သွားရောက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝိုင်ဝန်းရိုက်နှက်မှုကြောင့် ရရှိထားသော ဒဏ်ရာများ များပြား၍ လူငယ် ၂ ဦးသည် လမ်းလျှောက်နိုင်ခြင်းမရှိကြောင်း၊ မိခင်ဖြစ်သူများ ငွေကြေးဖြင့် ပြန်ထုတ်ယူရန် စစ်ကောင်စီ တပ်သားများကို ငိုယိုတောင်းပန်ခဲ့သော်လည်း ငွေကျပ် သိန်း ၃၀၀ တောင်းခံသောကြောင့် ပြန်လည်ရွေးထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“အိုးသည်ကုန်းမြို့၊ မြို့မရပ်ကွက်ကို စစ်ခွေးတွေ ဝင်ရောက်စီးနင်း ပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်တွေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒေါ်ငခူမ ရဲ့ သားနဲ့ တူတို့ကတော့ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတယ်။ သိန်းအောင်မြင့်တို့ ပျူအဖွဲ့နဲ့ စစ်ခွေးတွေ မြို့မရပ်ကွက်ထဲကို ပေါ်တာဝင်ဆွဲတာ အဲ့မှာ ဒေါ်ငခူမရဲ့ သားနဲ့ တူကို ဖမ်းမိတော့ ခွေးရိုက် နွားရိုက်ရိုက်ပြီး ကားပေါ်တင်ခေါ်သွားတာ စစ်ခွေးတွေနဲ့ပျူခွေးတွေ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် လူငယ် ၂ ဦးလုံးက လမ်းလည်း မလျှောက်နိုင် မတ်တပ်လည်း မရပ်နိုင်ဖြစ်ကုန်တယ်။ ပိုက်ဆံနဲ့လိုက်ရွေးတော့ သိန်း ၃၀၀ တောင် တောင်းတယ်။ မိသားစုဝင်တွေက ပြန်မရွေးနိုင်လို့ စစ်ခွေး တပ်ထဲရောက်ကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ကျန်းမာရေး မကောင်း၍ ထွက်ပြီး ဆေးကုသမှု ခံယူနေသော ကိုလွင် ကို စစ်ကောင်စီ တပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ တတိယ အပတ်အတွင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ထွက်ထားသည်မှာ နှစ် ၂၀ ခန့်ရှိပြီဖြစ်သော ကိုလွင် ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားကြောင်း၊ ကိုလွင်ကိုသည် ကျန်းမာရေး မကောင်း၍ ဆေးရုံမှ ဆင်းလာသည်မှာ ၂ ရက်ခန့်သာ ရှိသေးပြီး စစ်ကောင်စီ တပ်သားများက ထမ်း၍ ခေါ်ဆောင်သွားကြောင်း သိရသည်။
အလားတူ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှ ကိုအောင်နက် ဆိုသူကိုလည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နိုင်ဦးက စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ နေအိမ်၌ စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်လာ၍ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း၊ ကိုအောင်နက်သည် မိခင်ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူကို အုပ်ချုပ်ရေးမှူး နိုင်ဦးက ငွေကျပ် ၁၀ သိန်း လာပေးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များ။