ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သော စစ်အရာရှိနှင့်စစ်သည်များကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်၍ သဂြိုလ်
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသည့် စစ်အရာရှိ ၂ ဦး သေဆုံးသွားပြီး ရွှေမြင်တင် မီးသဂြိုလ်စက်ကို စစ်တပ်က လုံခြုံရေးယူ၍ သဂြိုလ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေသော ဘောမိရွာ တိုက်ပွဲမှ ဒဏ်ရာရ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသော အရာရှိ ၂ ဦး၏ မသာ အလောင်းကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် အကြမ်းဖက် စစ်တပ်က FAW ကား ၂ စီး၊ အိမ်စီးကား ဗိုလ်မှူးကား ၁ စီး၊ စစ်သား မိန်းမကား ၊ မီနီဘတ် ၁ စီး၊ ကားအဝါရောင် ၁ စီး စုစုပေါင်း ၈ စီးခန့်ဖြင့် လုံခြုံရေးယူကာ သဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်းဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြန်းအထန် ဗုံးကျဲ ခုခံခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ ညပိုင်းတွင် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်သား ၆၀ ခန့်ကို စက်လှေများဖြင့် ချောင်းသာသို့ ပို့ဆောင်ပြီးနောက် လူနာတင်ကားများ၊ ကုန်ကားများဖြင့် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒဏ်ရာရ စစ်သားများကို ပို့ဆောင်ရာ လမ်းတစ်လျှောက်တွင် လည်း အကြမ်းဖက် စစ်တပ်က လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားစဉ်။