စစ်ကောင်စီ၏ အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုကြောင့် ထွက်ပြေးလာမည့် လူငယ်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ထားရန် တော်လှန်ရေး အင်အားစု အသီးသီးကို မန္တလေးဒေသ တော်လှန်လူငယ်များက အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၈
အကြမ်းဖက် စစ်ကောင်စီ၏ အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေမှုကြောင့် ထွက်ပြေးလာမည့် လူငယ်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ စီစဉ်ထားရန် တော်လှန်ရေး အင်အားစု အသီးသီးကို မန္တလေးဒေသ တော်လှန်လူငယ်များက အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြောင်း သိရသည်။
မန္တလေးဒေသတွင်း တော်လှန်ရေး၌ နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု ကဏ္ဍအသီးသီးတွင် ပါဝင်ရုန်းကန်နေကြသည့် လူငယ်များက အကြမ်းဖက် စစ်တပ် ထုတ်ပြန်ထားသော အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်း ကြေညာချက်ကို ရှောင်တိမ်းရန် ကြိုးပမ်းသည့် လူငယ်များအတွက် ကယ်ဆယ်ခြင်း၊ နေရာစီစဉ်ချထားခြင်း၊ လမ်းညွှန်ချက်များ အကြံပြုခြင်း၊ ချိတ်ဆက်နိုင်မည့် နည်းလမ်းများပံ့ပိုးခြင်းများ လုပ်ဆောင်ပေးခြင်းများ အပါအဝင် ၂၁ ချက်ကို သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို ပေးပို့တောင်းဆိုခဲ့ကြောင်း မန္တလေးဒေသတော်လှန်လူငယ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြသည့် လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မန္တလေးဒေသ တော်လှန်လူငယ်တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မန္တလေး ဒေသတော်လှန်လူငယ်များအကြား ရင်းနှီးစွာတွေ့ဆုံနိုင်ရန်၊ နိုင်ငံရေး စစ်ရေး လူထုအကြပ်အတည်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်၊ နွေဦးတော်လှန်ရေးအတွင်း ကြုံတွေ့ရင်ဆိုင်နေရသော အကြပ်အတည်းများကို ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် စသည့် ရည်ရွယ်ချက်များနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
“ကျမတို့ လူငယ်တွေကတော့ ရာနှုန်းပြည့်အကောင်ထည်ဖော်ပေးဖို့ မျှော်လင့်ပြီး တိုက်တွန်းကြတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအသီးသီးဘက်ကလည်း လူငယ်များရဲ့ တောင်းဆိုမှုကို အလေးအနက်ထားပြီး တော်လှန်ရေးအတွက် လက်တွေ့ကျမယ့် လုပ်ငန်းစဉ်တွေ လုပ်စေချင်ပါတယ်” ဟု မန္တလေးဒေသ တော်လှန်လူငယ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မန္တလေးမှ လူငယ်အမျိုးသမီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လူငယ်များ စစ်မှုထမ်းရှောင်တိမ်းပြီး တော်လှန်ရေးတွင် ပိုမိုပါဝင်လာနိုင်ရန်နှင့် တော်လှန်ရေးတွင် မပါဝင်လိုသော လူငယ်များအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးစီစဉ်ပေးရန် ၊ CDM ဆိုင်ရာ သတ်မှတ်ချက်ကို တစ်ပြေးညီ ထားရှိပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အဆင့်မြင့်အရာရှိများ ဘက်ပြောင်းခိုလှုံလာနိုင်စေရေး မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများကို သပိတ်မှောက်ရေး ၊ အကြမ်းဖက်စစ်ကောင်စီကို အသက်ဆက်စေမည့် အထောက်အပံ့မှန်သမျှ ဖြတ်တောက်နိုင်ရေး ပိုမိုလှုံ့ဆော်ရန် စသည့်အချက်များအပါအဝင် ၂၁ ချက်ကို တော်လှန်ရေးအင်အားစုများက အကောင်အထည်ဖော်ပေးရန် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။
ထို့ပြင် ကြားကာလ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုတိုးမြင့်လုပ်ဆောင်ပြီး လူငယ်များ၏ ပညာသင်ယူခွင့် လက်လှမ်းမီရေး၊ ကျန်းမာရေးစောင့်ရှောက်ခံယူခွင့် ရရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ကြားကာလ ပညာရေးစနစ်ကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိစေရေး ဆောင်ရွက်ရန် အပါအဝင် ပဋိပက္ခကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ထိရောက်သော ဖြေရှင်းရေး ယန္တရားများကို ဖော်ဆောင်ရန်လည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)