လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းရွာ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျ
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းရွာ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ပျဥ်ကတိုးကုန်းရွာမှ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန်၏ နေအိမ်ကို အမည်မသိ အဖွဲ့က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဌေးအောင်ရှိန်၏ နေအိမ်ခြံထဲရှိ နေအိမ်တစ်လုံး၊ စပါးကျီ တစ်လုံး၊ နွားတင်းကုတ် တစ်လုံး နှင့် ဒေါ်ဝင်း ဆိုသူ ၏ ခြံထဲရှိ နေအိမ် ၂ လုံးနှင့် ဂိုဒေါင်တစ်လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန်သည် လက်ပံတန်းမြို့နယ်အတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ၊ စစ်မှုထမ်းရန် လူစားထိုးမှုများကို လုပ်ဆောင်နေပြီး ပျူစောထီး အချင်းချင်း စစ်မှုထမ်းငွေကြေး ခွဲတမ်းများ ရယူရာ၌ အချင်းချင်း ရန်ဖြစ်စကားများမှုများလည်းရှိသောကြောင့် အဆိုပါ တိုက်ခိုက်ခံရမှုသည် စစ်တပ်ဘက်မှလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
“ပျူစောထီးခွေးခေါင်းဆောင် ဌေးအောင်ရှိန် က စစ်မှုထမ်းကိစ္စနဲ့ ငွေညှစ်တာတွေ တော်တော်လုပ်ဆောင်နေတာ သူတို့အချင်းချင်းလည်းငွေကြေး ခွဲတမ်းတွေနဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်သူလုပ်ဆောင်တယ်ဆိုတာတော့ အခုထိ အတည်ပြုနိုင်တာမရှိသေးပါဘူး။ ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့ အချိန်မှာ စစ်ခွေးတွေ ချက်ခြင်းရောက်လာပြီးတော့ မီးလာငြိမ်းတဲ့ သူတွေကို တားဆီးခဲ့တာတွေ ဓာတ်ပုံအရိုက်မခံတာတွေတော့ လုပ်ဆောင်သွားတယ်။ စစ်ခွေးတွေ အချင်းချင်း တိုက်ခိုက်တာဖြစ်နိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက တင်ပြလာခြင်းမရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် တိုက်ခိုက်ခံရတာတော့ သိရပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့တော့ အတည်မပြုနိုင်ပါဘူး။ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ဒီတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တင်ပြလာတာ မရှိသေးပါဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။