နတ်တလင်းတွင် PDF များကို စာပို့၍ “သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသည့် စစ်တပ် ဒေါက်တိုင် ဇော်မင်းလတ် ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် PDF များကို စာပို့၍ “သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသည့် စစ်တပ် ဒေါက်တိုင် ဇော်မင်းလတ်ကို ပစ်ခတ်တိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ ၊ နတ်စစ်သည်တပ်ဖွဲ့မှ ရဲဘော် ဘိုအောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ်လင်းမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဖလူးမစမ်းရွာတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဇော်မင်းလတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဇော်မင်းလတ်သည် တော်လှန်ရေး တပ်ဖွဲ့များကို စာပို့၍ “သေချင်ရင် လာခဲ့” ဟု နေ့စဉ် စိန်ခေါ်နေသူဖြစ်ပြီး အကြမ်းဖက် စစ်တပ် အတွက် လမ်းပြလုပ်ဆောင်ခြင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို လိုက်လံ စုံစမ်းနေသူဖြစ်ကြောင်း သိရှိရသည်။
“ဒီလို လာခြိမ်းခြောက်ရင်တော့ အမြန် ငရဲကို ပို့ပေးမှာပါ။ အကြမ်းဖက် စစ်ခွေး ဒေါက်တိုင် အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေး သတင်းပေးဒလန်များ အနေနဲ့ ရပ်တန်းက ရပ်ဖို့သင့်နေပါပြီ ရှေ့ဆက် မိုက်နေရင်တော့ အနှေးနဲ့အမြန် လာရောက်ပြီး ရှင်းလင်းသွားမယ်” ဟုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ ၊ နတ်စစ်သည်တပ်ဖွဲ့မှ ရဲဘော် ဘိုအောင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ ၊ နတ်စစ်သည်တပ်ဖွဲ့နှင့် တပ်ခွဲ ၄ နှင့် BRA တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။