မုဒုံမြို့နယ် ရဲစခန်း၊ လဆရ ၂ မုဒုံနှင့် ကျိုက်မရောရှိ ကဒါရွာရဲစခန်း၊ ချောင်းနှစ်ခွ စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရဲစခန်း၊ လဆရ ၂ မုဒုံနှင့် ကျိုက်မရောမြို့နယ် ကဒါရွာရဲစခန်း၊ ချောင်းနှစ်ခွ စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မုဒုံမြို့နယ် ရဲစခန်း၊ အမှတ် ၂ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း (မုဒုံ) နှင့် ကျိုက်မရောမြို့နယ် ကဒါရွာရဲစခန်း၊ ချောင်းနှစ်ခွ စစ်စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းနှစ်ခွ စခန်းကို နံနက် ၅ နာရီ ၄၀ မိနစ်တွင် 7 kg ဗုံးသီး ၂ လုံး၊ မုဒုံရဲစခန်းကို နံနက် ၇ ခန့်တွင် 1.5 kg ဗုံးသီး ၁ လုံး၊ အမှတ် ၂ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း (မုဒုံ) ရှိ ၁၂၀ လက်နက်ကြီး အထိုင်နှင် အရာရှိအိမ်ယာ ၊ ခဲယမ်းတိုက် နေရာများကို 1.5 kg ဗုံးသီး ၃ လုံး၊ ကဒါရွာ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ် တို့ကို 1.5 kg ဗုံးသီး ၂ လုံးတို့ ကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့နှင့် မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်း စစ်ဆင်ရေး အဖြင့် ဖော်ဆောင်နိုင်ခဲ့ပြီး Fixwing ၆ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။