ဆိပ်ဖြူတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီး ကား ၂ စီးမီးလောင်ပေါက်ကွဲ၊ မြင်းခြံနှင့် ပုလဲ တို့တွင်လည်း စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ကား ၂ စီး မီးလောင် ပေါက်ကွဲခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ကပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာသော စစ်ယာဥ်တန်းကို ဆိပ်ဖြူ-ကန်ဇွန်း လမ်းပိုင်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး ကား ၂ စီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉ ၊ Yenanthar Columm (မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း) နှင့် (CGF)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Northerners Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆီးမီးခုံစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆိုင်ကယ် အစီး ၂၀ ခန့်ဖြင့် ဆုံရွာကို ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းရှိ ညောင်ပင်ဇရပ် အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးနဲ့ ပျူစောထီး သေစာရင်းကို စုံစမ်းနေတုန်းပါပဲ အင်အား ၃၀ခန့်ပါတယ်။ ဆိုင်ကယ်က အစီး ၂၀ လောက်ရှိတယ်။ သူတို့က ရွာထဲပြန်ဝင်သွားတာဆိုတော့ အသေအပျောက်မသိရသေးဘူး။ ၃ ကောင်တော့ နေရာမှာတင်လဲပြီး ဒဏ်ရာရသွားတယ်။ စစ်ခွေးတွေက ဆုံရွာထဲကို ပြန်ဝင်သွားပါတယ်” ဟု Myingyan Northerners Guerrilla Forceမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံမြောက်ပိုင်းသားများပျောက်ကြားအဖွဲ့ MNGF နှင့် MRA တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြကြောင်းသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မ ရဲစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက် (ယင်းမာပင်ခရိုင် PDF အမှတ် ၁၀) တပ်ရင်း ကပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် ပုလဲမြို့မရဲစခန်းကို ဒေါင်းနက် (ယင်းမာပင်ခရိုင် PDF အမှတ် ၁၀) တပ်ရင်းက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ၆၀ မမ ဗုံးသီးများသည် ရဲစခန်းဝင်း အတွင်း ကျရောက်ပေါက်ကွဲမှုရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။