အမျိုးသမီးများကို စစ်မှုထမ်း ခေါ်ယူရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို
ခြိမ်းခြောက်သူများမှာ စစ်တပ်၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည်ကို ဇော်မင်းထွန်းက ထည့်မပြောဘဲ ချန်ထားခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ အမျိုးသမီးများသည်လည်း စစ်မှုထမ်းရန် အကျုံးဝင်နေပြီး အမျိုးသမီးများကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
ယမန်နေ့ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနှင့် မီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက် ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကို မူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက်နေမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးကြောင်း ကျနော်အနေနဲ့ ပြောကြားလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ရှင်းလင်းပြောဆိုသည်။
အကြမ်းဖက်ဇော်မင်းထွန်းက အမျိုးသမီးများကို စစ်မှုထမ်းရန် ခြိမ်းခြောက်နေသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ထုတ် ဖော်ပြောဆိုခြင်းမပြုသော်လည်း မြေပြင် မြို့နယ်နှင့် ရပ်ကွက်များတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသော အမျိုးသမီးများ စာရင်းကောက်ယူခြင်း၊ အမျိုးသမီးများ မကြာမီ စစ်မှုထမ်းခိုင်းရန် ရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောဆို နေသူများမှာ စစ်တပ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်များဖြစ်ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ဇန်နဝါရီလ နှောင်းပိုင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နောင်ကားအုပ်စု၊လွယ်စင်းရွာနှင့်တဲခဲကျေးရွာတွင် စစ်မှုထမ်းရန်ဟုဆိုကာ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများစာရင်းကို စစ်တပ်အောက်ခံ ပြည်သူ့စစ်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကောက် ယူခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်းတွင် ပြည်ပသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် စစ်မှု ထမ်းရန် အကျုံးဝင်နေသော အမျိုးသမီးများစာရင်းကိုပါ ထည့်သွင်း ကောက်ခံခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အမျိုးသမီးစာရင်း လာကောက်တုန်းက ပြည်သူ့စစ်တွေနဲ့ ရွာလူကြီးတွေ လာကောက်ကြတာ။ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ညွှန်ကြားချက်အရ ကောက်တယ်လို့ ပြောပါတယ်” ဟု တောင်ကြီးမြို့နယ်၊ နောင်ကာကျေးရွာအုပ်စုတွင် နေထိုင်သော အသက် ၅၄ နှစ် အရွယ် ပအိုဝ်းတိုင်းရင်းသူ မိခင်တစ်ဦးက ဆိုသည်။
အလားတူ ဇန်နဝါရီ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အောင်စိုးမိုး၏ မယားဖြစ်သူ ကရင်မနှင့် သီပေါ ဆိုသူက လူငယ်များ၏ နေအိမ်များကို စစ်မှုထမ်းအကြောင်းကြားစာများ လိုက်လံ ပေးပို့ခဲ့ပြီး အမျိုးသမီးစစ်မှုထမ်းစာရင်းပါ ကောက်ယူခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ကြေညာပြီးနောက် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက အမျိုးသမီး စစ်မှုထမ်း စာရင်းများ လိုက်လံကောက်ခံခဲ့ပြီး တက္ကသိုလ် ကျောင်းသူများ၏ အမည်စာရင်းများပါ တောင်းယူသွားခဲ့ကြောင်း၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက ရပ်ကွက်အတွင်း အမျိုးသမီး စစ်မှုစာရင်းများကို ကောက်ခံမည်ဟု ကြိုတင်အကြောင်းထားခြင်းမရှိဘဲ တစ်အိမ်ထွက် တစ်အိမ်ဆင်း လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အိမ်ထောင်စု စာရင်းများလည်း တောင်းယူကြည့်ရှု့ပြီး အမည်စာရင်းများကို မှတ်တမ်းယူသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် ဇော်မင်းထွန်းက စစ်မှုထမ်းခေါ်ယူမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သော်လည်း မမှန်မကန် သတင်းပို့ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများ ပြုလုပ်ပါက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း တရားဝင်ကြေညာ အသိပေးသွားခဲ့သည်။
![](https://yktnews.com/wp-content/uploads/2025/02/476806062_986124803615126_5822783508800748803_n.jpg)