အုတ်ဖိုတွင် စစ်တပ်က စစ်မှုထမ်းစစ်သား စုဆောင်းရန် လူငယ်များကို လိုက်ဖမ်းစဉ် ထွက်ပြေးသော ကိုထွန်းထွန်းနိုင်ကို စစ်သားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ် စိုးရိမ်ရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့တွင် အကြမ်းဖက် စစ်တပ်က ကိုထွန်းထွန်းနိုင်ကို နေအိမ်အထိ တက်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးပြီး သေနတ်ဒင်ဖြင့် ဦးခေါင်းကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်သောကြောင့် ကိုထွန်းထွန်းနိုင်မှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ရင်နှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် အုတ်ဖိုမြို့ ဓမ္မသီရိလမ်းတွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းတပ်သားအဖြစ် ခေါ်ဆောင်ရန် နေအိမ်ထဲထိသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် ဖမ်းဆီးစဉ် ကိုထွန်းထွန်းနိုင်က မလိုက်နိုင်ကြောင်း အော်ဟစ်ကာ ထွက်ပြေးသောကြောင့် စစ်ကောင်စီ တပ်သားများက လိုက်လံဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဒင်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ခြင်းကြောင့် ဦးခေါင်ကွဲသည့် ဒဏ်ရာရရှိနေသည့် ကိုထွန်းထွန်းနိုင်ကို စစ်တပ်က ချုပ်နှောင် ဖမ်းဆီးသွားကြောင်း၊ ထိုနောက် ကိုထွန်းထွန်းနိုင်၏ ဦးခေါင်းကွဲဒဏ်ရာမှာ သွေးမတိတ်ဘဲ သတိလစ်သွားကြောင့် စစ်တပ်က အုတ်ဖိုမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
စစ်တပ်၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာရရှိထားသော ကိုထွန်းထွန်းနိုင်သည် အုတ်ဖိုမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာမှာ ပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ လူနာမှာလည်း သတိလစ်လျက်ရှိကြောင်း သိရသည်။
“အုတ်ဖိုမြို့ ဓမ္မသီရိလမ်းမှာနေတဲ့ ကိုထွန်းထွန်းနိုင်ကို အိမ်ပေါ်ထိတက်ပြီး စစ်ခွေးတွေက ပေါ်တာဆွဲတာ မလိုက်ဖူး မလိုက်ဖူးနဲ့ အော်ပြီး ခုခံထွက်ပြေးလို့ဆိုပြီး စစ်ခွေးတွေက သေနတ်ဒင်နဲ့ ဝိုင်းရိုက်ကျတာ ခေါင်းဟက်တက်နဲ့ ဆေးရုံရောက်လာတာ ခေါင်းက သွေးတွေရွဲပြီး ဟက်တက်ကွဲသွားတာကြီးကို အတင်းဆွဲချုပ်ပြီး စစ်ခွေးတွေ ဖမ်းသွားသေးတယ်။ ခဏကြာတော့ သွေးမတိတ်ဘဲ လူက သေမလိုဖြစ်မှ ပြန်ခေါ်လာပြီး ဆေးရုံတင်ထားတာ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် သာယာဝတီခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် လူမပြည့်သေး၍ နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မိုးညိုမြို့နယ်၊ ရှေ့ပြေးကျေးရွာ ဘုန်းကြီးကျောင်းနောက်ဘက်ရှိ လယ်ထဲတွင် ပဲနှုတ်နေသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကား ၂ စီးဖြင့် လာရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပဲနှုတ်နေသူများ ထွက်ပြေးသောကြောင့် စစ်ကောင်စီ တပ်သားများက ဆဲဆိုပြီး သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ချောလဲ၍ မပြေးနိုင်ဘဲ ကျန်ခဲ့သည့် ကိုဝေယံကို ဖမ်းဆီးပြီး မိုးညိုထွေ/အုပ်ရုံးကို အတင်းအကျပ် ဖမ်းခေါ်သွားကြောင်း သိရသည်။
ပေါ်တာဆွဲ ဖမ်းခံရသော ကိုဝေယံ သည် ဆင်းရဲနွမ်းပါးပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေသော အမျိုးသမီးကို ဆေးကုနိုင်ရန် နေ့စား ပဲလိုက်နှုတ်နေသူဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်မှုထမ်းကြေ လစဉ် ၂ သောင်း ပေးဆောင်နေသာ်လည်း အတင်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာယာဝတီမြို့နယ်၊ ဖားရွှေကျော်ရွာတွင် ပဲနှုတ်နေသည့် ရေတိုက်ရွာမှ လူငယ် ၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့အတူ မင်းလှမြို့အထွက်ရှိ မဟာဇေယျုံဘုရားအနီးရှိ စက်သုံးဆီဆိုင်အနားတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရပ်ဝတ် ဝတ်ထားသော စစ်ကောင်စီ တပ်သားများက မင်းလှမြို့ပေါ်ရှိ အထက ကျောင်းတွင် တက်ရောက်နေသော သရော(အမ်)အုပ်စု တဲကုန်းကျေးရွာမှ ကျောင်းသား ၂ ဦး နှင့် လှည်းကူးအုပ်စု ရေကြည်ကျေးရွာမှ လူငယ် ၁ ဦး လိုက်ထရပ် ကားဖြင့် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့အုပ်စု၊ ညောင်ပင်သာရွာကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွေးကုန်းအုပ်စု၊ ဆားချောင်းရွာမှ လူငယ် ၂ ဦး နှင့် ဦးတိုကညင်ပင်ကျေးရွာမှ လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူများကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
![](https://yktnews.com/wp-content/uploads/2025/02/476805343_986895393538067_4585781357998759545_n.jpg)