ချောင်းဦးတွင် အိမ်စီးကားများဖြင့် သွားလာနေသော စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အိမ်စီးကားများဖြင့် သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် နတ်ရေကန် စစ်တပ်အထိုင်စခန်းမှ ပြည်သူပိုင် ကားများနှင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နတ်ရေကန် နှင့် ရေပိုးစားအကြား လမ်းခွဲ ဇရပ်အနီးတွင် ကားပေါ်မှာ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်မျာကို စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” နတ်ရေကန် ခွေးစခန်း အထိုင်ကနေ ပြည်သူကားတွေနဲ့ လိုက်ပါလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို နတ်ရေကန်နဲ့ ရေပိုးစား အကြား လမ်းခွဲဇရပ်အရောက်မှာ စစ်ခွေးတွေက ကားပေါ်ကနေဆင်းလာပြီး ၅ မိနစ်အကြာမှာ ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး နေရာမှာတင် လဲကျသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း များပြားပါတယ်” ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ PGC (မြင်းမူ) နှင့် ရပ်ကျေး ပကဖ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476439338_987003886860551_3475975448421533617_n.jpg)