ချောင်းဦးတွင် ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ ဝက်လက်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင်၊ အမှတ်-၁ တပ်ရင်း Special Guerrilla Force တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁ တပ်ရင်း SGF တပ်ခွဲ နှင့် တပ်ရင်၁၂ ၊ တပ်ရင်း၁၂ တပ်ခွဲ ၄ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း မုံရွာခရိုင် တပ်ရင်း ၁၂ မှ အကြီးစားဒုံး ဒရုန်း ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိမ်မကား – ရွာသစ်ရွာ ရှေ့ကင်းစခန်းတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရှိမ်မကား- ရွာသစ်ရွာ ရှေ့ကင်းစခန်း၌ တော်လှန်ရေး တပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ ရှိမ်းမကားရွာတွင် တပ်စွဲထားပြီး Y-12 ဖြင့် ခဲယမ်းရိက္ခာများ အမြဲပို့ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဂရုပြုသွားလာကြရန် တောကြီးမြွေပွေးတပ်ဖွဲ့က သတိပေး ပြောဆိုထားသည်။
![](https://yktnews.com/wp-content/uploads/2025/02/476644342_987872520107021_7062758683404760536_n.jpg)