ကနီမြိုနယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်ကြီးကျေးရွာဘက်မှ အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိကာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“မုဌေါရွာကတော့ မုဌေါမြောက်ရွာနဲ့ မုဌေါတောင်ရွာ ၂ ရွာ အကြားမှာရှိတဲ့ ချောင်းထဲကို ကျတာ အထိခိုက်ကတော့ မရှိဘူး။ နတ်ကြီးရွာကတော့ ရွာရဲ့ တောင်ဘက် အရပ်ခေါ် ကျောက်ကွင်းကို ပစ်တာ ပစ်တဲ့ လက်နက်က Rocket အပါဝင် လေယာဉ်ပေါ်က နေ စက်လက်နဲ့ ပါပစ်တာပါ။ အဲလိုပစ်လို့ ကျောက်ကွင်းမှာ အလုပ်လုပ် နေတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိူသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ကားတစ်စီးလည်း ပျက်းစီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလအတွင်း ကနီမြို့နယ်အတွင်းရှိ ဆူးလေကုန်းရွာ၊ နတ်လာပို့ရွာ အပါအဝင် လက်ရှိ နတ်ကြီးရွာနှင့် မုဌေါရွာကိုပါ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သား ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးအထိ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။