26.3 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ်က ရေဂမိုးရွာနှင့် ထုံးဘိုရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၇ ခုမှ ထောင်နှင့်ချီ‌သော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရေဂမိုးရွာနှင့် ထုံးဘိုရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၇ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ရှားကွဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးဝန်းကျင်ရှိ ရေဂမိုးကျေးရွာနှင့် ထုံးဘိုကျေးရွာ အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်သည် ခူကြီးကျေးရွာရှိ နေအိမ်များကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ကာ ဝက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ကျေးရွာများအတွင်း၌ တပ်စွဲထားကာ ပြည်သူပိုင်နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ၅ လကျော်ကြာ စစ်ကြောင်းထိုး တပ်စွဲထားစဉ်အတွင်း ဝက်လက်မြို့နယ်ရှိ ထုံးဘိုရွာ၊ ရှားကွဲရွာ၊ ရေကမိုးရွာ၊ သစ်ဆိမ့်ရွာ၊ လှေပို့ဆိမ့်ရွာ၊ ရွာသစ်ရွာနှင့် ငါးပန်ချောင်းရွာ စသည့်ကျေးရွာ ၇ ရွာမှ ပြည်သူများသည် လက်ရှိချိန်ထိ ဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခုမှ စစ်ကြောင်းထိုးလာတာတော့ မဟုတ်ဘူး။ အဲ့ စစ်ခွေး စစ်ကြောင်းက ၂၀၂၅ ခုနှစ် ၁၂ လပိုင်း ၂၅ ရက်နေ့ ထဲကစပြီးတော့ ထိုးတဲ့ စစ်ကြောင်းပါ။ အခုချိန်ထိ ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်နေရတာ ၅ လကျော်သွားပြီ။ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက ထုံးဘိုရွာ၊ ရှားကွဲရွာ၊ ရေဂမိုးရွာ၊ သစ်ဆိမ့်ရွာ၊ လှေပို့ဆိမ့်ရွာ၊ ရွာသစ်ရွာ၊ ငါးပန်ချောင်းရွာ စတဲ့ရွာတွေက လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရတာ ၅ လကျော် ၆ လခန့်ရှိနေပြီ။ ဒီနေ့ စစ်ခွေးတွေမီးရှို့တာက ရေကမိုးရွာလည်း ရှို့တယ်၊ ထုံးဘိုရွာလည်း ရှို့တယ်။ မီးရှို့တာကလည်း ဒီတစ်ကြိမ်ထဲမဟုတ်ဘူး။ ခူကြီးရွာလည်း မီးရှို့ခဲ့သေးတယ်။ လက်ရှိချိန် စစ်ရှောင်နေရတဲ့ ပြည်သူတွေက အဲ့ရွာနားကို ကပ်လို့တောင်မရသေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ရှားကွဲရွာအတွင်းတွင် အထိုင်ချတပ်စွဲထားပြီး သစ်ဆိမ့်ကျေးရွာနှင့် ကျေးရွာအနောက်ဘက်ရှိ အမှတ် ၃ ကားလမ်းပေါ်တွင်လည်း ကင်းပုန်းများချထားကာ တပ်ဖြန့်ထားကြောင်း၊ လက်ရှိချိန်ထိ သစ်ဆိမ့်ရွာ၏အနောက်ဘက် အမှတ် ၃ လမ်းပိုင်းကို ဒေသပြည်သူများ ခရီးသွားလာသူများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်သေးကြောင်း ဒေသပြည်သူများ ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article