ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက အမှုလက်ခံ
ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက အမှုလက်ခံလိုက်ကြောင်း Fortify Rights မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထိုင်းစစ်သားများ နှိပ်စက်ညှင်းပန်းပြီးနောက် သေဆုံးသွားရသည့် မြန်မာနိုင်ငံသား အောင်ကိုကို အတွက် တရားမျှတမှုရရှိစေရန် ယနေ့ Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ (Lawyers Council of Thailand) က လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ရှေ့နေ့များ ကောင်စီ ၏ ဥက္ကဋ္ဌ က “အရပ်ဘက် သို့မဟုတ် ရာဇ၀တ်မှုဖြင့်ဖြစ်စေ အရေးယူရန်” တွန်းအားပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“လုပ်ငန်းစဥ်က ဘယ်လောက်ကြာမြင့်မယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပေမယ့် ကျွန်တော်တို့ မျှော်လင့်တာကတော့ ရှေ့နေ များကောင်စီက သူတို့ရဲ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကိုလည်း ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် ပိုပြီးလျင်မြန်စွာ တိုက်တွန်းနိုင်ဖို့ပါပဲ။ ထိုင်းနိုင်ငံမှာ အောင်ကိုကို အသတ်ခံရတာ ရက်ပေါင်း ၄၀၀ နီးပါးရှိနေပါပြီ။ ဒီကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုမှာ တာဝန်ရှိတဲ့ စစ်သားတွေကို အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက် (Mae Sot) ခရိုင်၊ တာ့ခ် (Tak) ပြည်နယ်၊ ရိုင် ၇၀ ဝန်းကျင် သစ်သားတံတားငယ်တစ်ခုအနီးတွင် ထိုင်းစစ်သားလေးဦးက မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ထိုင်းစစ်သားသုံးဦးက ကိုအောင်ကိုကိုကို သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင် ညိုမဲဒဏ်ရာများ ရှိနေကြောင်း၊ ၎င်း၏ နောက်ကျောတစ်ခုလုံးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင် ၎င်း၏ ညာဘက် တံတောင်ဆစ်တွင် တစ်လက်မခန့် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသား ကိုအောင်ကိုကို သည် ငှက်ဖျား ရောဂါ အခံကြောင့် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်းသွားပြပြီး မဲဆောက်သို့ ပြန်လာချိန်တွင် စစ်ဆေးရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးရာမှ လက်လွန် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်က သတ်ဖြတ်လိုက်သော မြန်မာနိုင်ငံသား အောင်ကိုကိုသည် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက စီစဉ်လေ့ကျင့်သင်ကြား ပေးထားသည့် ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ လုပ်သားဟောင်း တစ်ဦးဖြစ်ကြောင်း၊ ထိုင်းစစ်သားများက အောင်ကိုကိုအနေဖြင့် ထိုင်းများသာ ဝတ်ဆင်လေ့ရှိသော ချော်ရော်ဘော် (Chor Ror Bor) အပေါ်ထပ်အင်္ကျီဝတ်ထားသောကြောင့် အစပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းတရားရုံးက စေတနာ့ဝန်ထမ်း မြန်မာတစ်ဦးဖြစ်သော စီရာချက်ကို အောင်ကိုကို အသတ်ခံရမှုတွင် ကြံရာပါအဖြစ် ထောင်ဒဏ် ၃ နှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း၊အောင်ကိုကိုကဲ့သို့ပင် စီရာချက်သည် ဒေသခံ ချော်ရော်ဘော် (Chor Ror Bor) အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်မှ စစ်သားများက ထိုင်း-မြန်မာနယ်စပ်အနီးတွင် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဖမ်းဆီး၍ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း ထိုင်းအာဏာပိုင် များက အခြားမြန်မာလူမျိုး တစ်ဦးအား လူသေစေမှုဖြင့် အရေးယူကာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၊ထိုင်းအစိုးရအနေဖြင့် အောင်ကိုကိုကို ထိုင်းစစ်သားများက သတ်ဖြတ်မှုအတွက် စေ့စပ်မြန်ဆန် သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အရေးယူရန် Fortify Rightsက တိုက်တွန်းခဲ့သည်။
![](https://yktnews.com/wp-content/uploads/2025/02/478890774_989741859920087_643970402690238764_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477812817_989743003253306_7082020107629613758_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479199702_989741926586747_7974579374710071881_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/478142075_989743049919968_5239207400612913658_n.jpg)