ကျောက်ကြီး၊ ကျောက်တံခါး နှင့် ဖြူးမြို့နယ်တို့ရှိ စစ်တပ် ကာကင်း တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံး
ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါးနှင့်ဖြူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကာကင်း တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဆင်ရေးနယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးမြို့နယ်အတွင်းရှိ စစ်တပ်ကာကင်းစခန်း ၇ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေး နယ်မြေ ၂ အတွင်းရှိ ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တပ်ရင်းများက တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောရကျောင်း စစ်တပ်ကာကင်း စခန်းကို မဟာမိတ် KNLA တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် စခန်း ၅ ခုကို PDF တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ စစ်ဆင်ရေးနယ်မြေ ၂ မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ အတူပူးပေါင်းပြီး တိုက်ပွဲဝင်နေပါတယ်” ဟု ရဲဘော် တင်ဦးက ရှင်းပြသည်။
ယမန်နေ့ ည ၁၂ နာရီအချိန် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ အဝင် သံလမ်းဂုံးပေါ်ရှိ စစ်ကောင်စီ၏ ကာကင်းဂိတ်စခန်းနှင့် ကျောက် တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အဝင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ရှိ စစ်တပ် ကာကင်းဂိတ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးရှင်းလင်းကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ် ကာကင်းစခန်းကို PDF ၇၈၀၃ တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဖြူးမြို့နယ် ရန်ကုန် မန္တလေး လမ်းဟောင်းဘေးရှိ ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နှင့် ၆၀၀၂ ဧရာဝတီ တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲမှူး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။
ထို့အတူ ပဲခူးတိုင်း ၊ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်ရှိ နရွဲပင်ရွာ စစ်တပ်ကင်းစခန်းကိုလည်း ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး G3 ၂ လက်၊ MA1 ၁ လက်၊ ခမောက်
၃ လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်များက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးတောရကျောင်း စစ်တပ်စခန်းကို PDF တပ်ရင်း ၃၇၀၂ ၊ KNLA တပ်ရင်း ၉ ပူးပေါင်းအဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နှင့် ထိန်တပင်ရွာကြား ရန်ကုန်- မန္တလေး ရထားလမ်း ကာကင်းဂိတ်စခန်းကို PDF တပ်ရင်း ၉၉၁၃ တော်ဝင်ဒေါင်းတပ်ရင်းနှင့်အတူ စီးနင်းတိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်
စစ်တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း -PDF တပ်ရင်း ၇၈၀၃ ၊ တပ်ရင်း ၃၅၀၃ ၊ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း- ၆၀၀၂ ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း ၉၉၁၄ ၊ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅ ၊Spring Warrior Column ၇၀၀၁ ၊ KNLA တပ်ရင်း ၉ ၊ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း ၉၉၁၃ တို့ ပါဝင်ကြောင်း သိရှိရသည်။
