မြိုင်မြို့နယ်၊ လင်းကတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကျား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မြိုင်မြို့နယ် လင်းကတော အကြမ်းဖက် စစ်ခွေး တပ်စခန်းကို ကျနော်တို့ ဒေသတွင်း တော်လှန်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်ခွေး ၁၀ ဦးထက်မနည်းသေဆုံးတယ်” ဟု မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကျား က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ဒေသတွင်း PDF တပ်ဖွဲ့များ၊ ဆားလင်းကြီးမြို့ နယ် တပ်ပေါင်းစုအဖွဲ့ နှင့် အတူမျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ .


