ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး သာသနိက အဆောက်အအုံများ ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ စစ်တပ်၏ မြပုလဲဂိတ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြပုလဲ အထိုင်စခန်းကနေ လှမ်းထုတာပါ။ ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ လူလတ်ပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိ ခိုက်ဒဏ်ရာရတယ်”ဟု Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းသည် ပြည်သူ များရှိရာသို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ရွာကို ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်အချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ခြေထောက်ပြတ်သွားပြီး နေအိမ်များနှင့် သာသနိက အဆောက်အုံများ ပျက်စီးသွားကြောင်း သိရှိရသည်။
“မနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ဖိုက်တာနဲ့ ဗုံးကျဲတာ။ ဗုံး ၇ လုံးကျဲတယ်။ လေယာသ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်တယ်။ ပြည်သူ တစ်ဦး ပေါင်ကနေ ပြတ်ထွက်သွားတယ်” ဟု ကျွဲဇိမ်ကျေးရွာမှ ပြည်သူတစ်ဦးက ဆိုသည်။
ထို့အတူ ယနေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းအား မြောင်းသစ်ကျေးရွာ အနီး စစ်ကောင်စီက MI-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


