တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၅၇ ဦးသေဆုံးကာ ၂၃ ဦး အလင်းဝင်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၅၇ ဦးသေဆုံးကာ ၂၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။
ဇန်နဝါရီလအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ အထိုင်ချ စခန်းဖြစ်သော ညောင်လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်းရှိ ယာယီတပ်စခန်းကို တိုက်ခိုက်ခြင်း အပါအဝင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၄၅ ကြိမ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းများကို မိုင်းခွဲခြင်း၊ တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း ၂၆ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅၇ ဦး သေဆုံးပြီး ၉၈ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသူ ၂၃ ဦးကိုလည်း ကြိုဆိုခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ စက်လက် ၁ လက် ၊ စနိုက်ပါ ၁ လက်၊ ၈၀ မမ ၁ လက်၊ ၆၀ မမ ၂ လက်၊ ၅၀ မမ ၁ လက်၊ လက်နက်ငယ်အစုံ ၅၂ လက်၊ ကျည်ဘောက်အစုံ ၅၁ ခု၊ ကျည်အနည်းငယ်နှင့် အခြား စစ်ဘက်အသုံးအဆောင် ပစ္စည်းအချို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းတိုက်ခိုက်ခြင်း ၄ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တလအတွင်း အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးနှင့် မတရားဖမ်းဆီးခံရသူ ၂၈ ဦးရှိကြောင်း သိရသည်။
ယင်းတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်တပ်ပေါင်းစုနှင့် အခြားပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
