စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ရှိ ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၄၃ နှစ် အရွယ် မစန်းစန်းမွန် ပွဲချင်းပြီး သေဆုံးပြီး အသက် ၅၃ နှစ်အရွယ် ဦးခင်မောင်မြင့် နှင့် အသက် ၂ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ စာသင်ကျောင်းလည်း ဗုံးသီး ထိမှန်ကာ ပျက်စီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
” တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၂ နှစ် အရွယ် ကလေး ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် တစ်လုံးလည်း မီးလောင်ပျက်စီးပြီး စာသင်ကျောင်းဆောင် တစ်ခုလည်း ပျက်စီး သွားတယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန် ခံက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများပြုလုပ်၍ လေကြောင်း အန္တရယ်နှင့် ပတ်သက်ပြီး ဂရုနေထိုင်ကြရန် စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံက ဆက်လက် ပြောဆိုသည်။


