32 C
Yangon

တနင်္သာရီ အခြေစိုက် ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟု ပြောဆို

Must read

တနင်္သာရီ အခြေစိုက် ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟု ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Daw Na Column-P29902 (ဒေါနစစ်ကြောင်း) မှ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ တပ်ရင်းမှ ဒုတပ်စိတ်မှူးနှင့် တပ်ကြပ်ကြီး အပါအဝင် စစ်မှုထမ်း တပ်သားသစ် ၇ ဦးသည် လက်နက်များယူဆောင်လာပြီး ဒေါနတပ်ရင်း ဗျူဟာ ၃၃ နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်မှုထမ်း တပ်သားသစ်များသည် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ် ၉ အခြေခံ လေ့ကျင့်ရေးကျောင်းနှင့် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေမြှင့်တင် (ပုသိမ်) သင်တန်းကျောင်းများ မှ သင်တန်းအပတ်စဉ် ၅ နှင့် ၆ မှ သင်တန်းဆင်း လာသူများဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင်လာသော တပ်ကြပ်ကြီး ကျော်စွာဝင်း ၊ တပ်သားသစ် ချမ်းမွန် ၊ တပ်သား မင်းခန့်ဝင်း၊ တပ်သား ကောင်းမြတ်သူ၊ ဒုတပ်စိတ်မှူး ဝိုင်းချစ်ဇော်၊ တပ်သား ကျော်စွာဟိန်း နှင့် တပ်သား ကျော်ထက်မိုး တို့သည် လမ်းကင်းချိန်တွင် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ဒေါနတပ်ရင်းမှ ဆုကြေးငွေများ ပေးအပ်ကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသော တပ်သားများသည် အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသူများသည် MA4 သေနတ် ၂ လက်၊ MA3 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက် ၊ MA1 သေနတ် ၃ လက် ၊ ကျည်ဘောက် ၂၆ ခု၊ ကျည် ၈၃၁ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ နင်းမိုင်း ၄ လုံးနှင့် လက်ပစ်ဗုံး ၅ လုံးယူလာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“စကစအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေကို အိမ်ကြက်ခြင်း အိုးမဲသုတ် ခွတ်ခိုင်းနေတာကို သိဖို့လိုပြီးတော့ တကယ်လို့ အတင်းအဓမ္မ စုဆောင်းခံခဲ့ရရင် ကျွန်တော်တို့ ဒေါနတပ်ရင်းဆီကိုပဲဖြစ်ဖြစ် နီးစပ်ရာ၊ EAOတိုင်းရင်းသာအဖွဲ့စည်းတွေ PDF အဖွဲ့စည်းတွေဆီကို အချိန်မနှောင်းခင် ရတဲ့နည်းနဲ့ ဆက်သွယ်ပြီးတော့ ခိုလှုံလာခဲ့ဖို့ CDM လုပ်ပြီးတော့ ပြည်သူဘက်ကိုရပ်တည်ဖို့အတွက်ကိုပဲ ကျွန်တော်က တိုက်တွန်းလိုပါတယ်။ အလင်းဝင်လာတဲ့သူတွေက မကွေးဘက်ကသူပါတယ်။ ပြီးရင် မွန်ပြည်နယ် က ပါတယ်။ တနင်္သာရီတိုင်းက ပါတယ်။ ပဲခူးတိုင်းက ပါတယ်။ ဧရာ၀တီတိုင်းကပါတယ်။ အခုဝင်လာတဲ့သူ ၇ ယောက်ထဲမှာတော့ အများစုကတော့ ညဉ့်နက်တခေါင်ယံ အချိန်မှာ ဒီလိုပေါ်တာအဆွဲခံရတာမဟုတ်ဘဲနဲ့ အလုပ်ပြန်ချိန် ည ၇နာရီ နဲ့ ၈ နာရီ အကြားမှာ များသောအားဖြင့် ဒီလို အဖမ်းခံရပြီး စုဆောင်းရေးတပ်တွေဆီ ပို့ခံရတယ်။ ပြီးတော့ ပြည်သူ့စစ်ထဲကို ရောက်သွားတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေထဲကို သူတို့ရောက်သွားပြီးတော့မှ အခုလို သူတို့ CDM ပြုလုပ်လာတဲ့ သူတွေအများကြီးပဲ” ဟု Daw Na Column-P29902 (ဒေါနစစ်ကြောင်း)မှ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောဆိုသည်။

ဒေါနတပ်ရင်း အနေဖြင့် CDM အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားရှိလျက်ရှိပြီး လက်ရှိတပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေနှင့် တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား ၁၈ ဦးရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article