စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံစာရင်းမှ ပယ်ဖျက်ပေးရန် FATF အစည်းအဝေးသို့ တက်ရောက် အရေးဆိုသော်လည်း မအောင်မြင်ဘဲ ပြန်လာရ
မြန်မာကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ငွေကြေးခဝါချမှုနှင့် ရာဇ ဝတ်မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက် နိုင်ငံအဖြစ် FATF က ဆက်ထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ ငွေကြေးခဝါချမှုနှင့်ရာဇ ဝတ် မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက် နိုင်ငံအဖြစ် ဆက်လက်ထားရှိကြောင်း ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က ယမန်နေ့တွင် ကြေညာလိုက်သည်။
၂၀၂၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင် ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုး တက်မှု မရှိခြင်းများကြောင့် အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း၊ ယခုလက် ရှိအချိန်အထိလည်း စစ်ကောင်စီ၏ လုပ်ဆောင်မှုများသည် FATF အဖွဲ့ကြီး၏ ချမှတ်ထားသော လိုက်နာရမည့် အရေးယူဆောင်ရွက်ရမည့် အစီအစဉ်များကို အပြည့်အစုံ လိုက်နာခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အမည်ပျက်နိုင်ငံများစာရင်းတွင် ဆက်လက်ထားရှိကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ပြု လုပ်သည့် FATF ၏ အစည်းအဝေးသို့ စစ်ကောင် စီ၏ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေနှင့်အဖွဲ့သွားရောက်၍ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း စစ်ကောင်စီ၏ တောင်းဆိုချက်နှင့် လုပ်ဆောင်ချက်များမှာ FATF က ချမှတ်ထားသော လိုအပ်ချက်များအတွက် ပြည့်စုံခြင်းမရှိသေး၍ မြန်မာနိုင်ငံကို ဆက်လက်အရေးယူလိုက်ကြောင်း သိရှိရသည်။
ထို့ပြင် လာမည့် ၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာရေးဆိုင် ရာ အရေးယူမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ထပ်မံ၍ တိုးတက်လာမှု ရှိ၊ မရှိ ဆန်းစစ်မည်ဖြစ်ပြီး တိုးတက်မလာလျှင် FATF အဖွဲ့ကြီးက အရေးယူမှုများ ဆက်လက် တိုးမြှင့်အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် လတ်တလောခြုံသုံးသပ်မှုများအရ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ တိုးတက်မှု အလွန်နှေးကွေးကြောင်း၊ အချက်တစ်ချက်ကိုသာ တိုးတက်မှု ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍ FATF က ချမှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတွင် လုပ်ငန်းစဉ် ၅ ရပ်ကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း FATF အဖွဲ့က တိုက်တွန်းထားသည်။

