မန္တလေး၊ ကျောက်ဆည်နှင့် သုံးဆယ် မြို့တို့မှ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရသူ ၃ ဦး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်
မန္တလေးမြို့တွင် အတင်းအဓမ္မ တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၁ ဦး ခဲယမ်းများ ယူဆောင်လာ၍ အလင်းဝင်ရောက်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးမြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ်စုဆောင်းခံရပြီး စလင်းမြို့နယ် အခြေစိုက် ခလရ-၂၅၃ သို့ တာဝန်ကျကာ တာဝန်ထမ်းဆောင်နေသော တပ်သားသစ် ၁ ဦးသည် ခဲယမ်းများ ယူဆောင်ပြီး စလင်း ပကဖ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို စလင်းမြို့နယ် ပကဖ ကောင်းမွန်စွာ စောင့်ရှာက်ထားကြောင်း၊ ကျန်ရှိနေပါသော စစ်တပ်သားနှင့် ရဲတပ်သားများအနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ချိတ်ဆက်နိုင်ပြီး လက်နက်ခဲယမ်းပါရှိပါက ထိုက်တန်သော ဆုကြေးငွေများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“အဓိကတော့ ကျန်ရှိနေသေးတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်သားများအနေနဲ့ မိမိတို့အခြေအနေကို စောစီးစွာသိရှိပြီး လက်နက်ခဲယမ်းများယူဆောင်ပြီး ထိုက်သင့်တဲ့ဆုကြေးများအမြန်ဆုံးလာယူပြီး အလင်းဝင်ရောက်ချိတ်ဆက်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်နီပြည်နယ်တွင်လည်း မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်နှင့် ပဲခူးတိုင်း သုံးဆယ်မြို့ တို့မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Karenni Army BA-5 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ဘောလခဲမှ ဖားဆောင်း ဘက်ကို ထိုးစစ်ဆင်လာသည့် စစ်ကြောင်းတွင် လိုက်ပါလာသော မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်နှင့် ပဲခူးတိုင်း သုံးဆယ်မြို့ တို့မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး Karenni Army BA-5 ထံ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်လာသူ ၂ ဦးသည် လက်နက်များ ယူဆောင်လာခြင်းမရှိသော်လည်း လက်ပစ်ဗုံး ၂ လုံး ယူဆောင်လာကြောင်း၊ ၎င်းတို့ ၂ ဦးသည် အပတ်စဉ် ထမ်း အပတ်စဉ် ၄ မှဖြစ်ပြီး ဟိုပုံးမြို့နှင့် ရမည်းသင်းမြို့တို့တွင် စစ်သင်တန်း တက်ရောက်ပြီးနောက် ကရင်နီပြည်နယ်ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“အလင်းဝင်လာတဲ့ အဖွဲ့က သေနတ်တော့ မပါဘူးဘူး။ လက်နက်ပစ်ဗုံး ၂ လုံးနဲ့ပဲ ရောက်လာပါတယ်။ မနေ့ညက ရောက်လာတယ်။ ဘောလခဲကနေ ဖားဆောင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းရဲ့ လမ်းပိုင်း တစ်နေရာကနေပြီးတော့ ထွက်ပြေးလာတာပေါ့။ မန္တလေး၊ ကျောက်ဆည်မြို့နယ်ထဲက ၁ ဦးနဲ့ ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်မြို့ ထဲက ၁ ဦးနဲ့ပါ။ သူတို့က စစ်မှုထမ်း အပတ်စဉ် ၄ က တပ်သား သစ်တွေပါ။ သူတို့ သင်တန်းပြီးတော့ လွိုင်ကော်ရောက်လာတယ်။ လွိုင်ကော်ကနေပြီးတော့ ဘောလခဲကို ရောက်လာတယ်။ ဘောလခဲမှာ တစ်လလောက် ကြာတယ်ပြောတယ်။ ဘောလခဲကနေ ဖားဆောင်းကို ထွက်လာမယ့် ထိုးစစ်ဆင်မယ့် စစ်ကြောင်းမှာသူတို့ပါလာတာတော့ ပြီးတော့ သူတို့က တစ်ဦးက အပတ်စဉ် ၄ ဟိုပုံးမြို့က နောက် ၁ ဦးက ရမည်းသင်း တို့မှာ စစ်သင်တန်း တက်ခဲ့တာလို့ ပြောတယ်” ဟု Karenni Army BA-5 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

