28.1 C
Yangon

ရန်ကုန်နှင့်ပဲခူးဒေသများကို စိုးမိုးနိုင်ရေးအတွက် PDF တပ်များ စတင်ရွှေ့ ပြောင်းနေပြီး တိုက်ပွဲများ စတင်တော့မည်ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက် မိန့်ခွန်းပြော

Must read

ရန်ကုန်နှင့်ပဲခူးဒေသများကို စိုးမိုးနိုင်ရေးအတွက် PDF တပ်များ စတင်ရွှေ့ ပြောင်းနေပြီး တိုက်ပွဲများ စတင်တော့မည်ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက် မိန့်ခွန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်နှင့်ပဲခူးဒေသများကို စိုးမိုးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်လက်အောက်ရှိ တပ်များ စတင်ရွှေ့နေပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက်မိန့်ခွန်း ပြောခဲ့သည်။

PDF တပ်များစတင်ပြောင်းရွှေ့ခြင်းနှင့် ဝန်ကြီးချုပ်၏ တပ်ထွက်မိန့်ခွန်းကို NUG က တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“ဒီနေ့ မင်းတို့တပ်တွေ ရွှေ့တော့မယ်။ ရွှေ့တော့မယ်ဆိုတာကတော့ ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲ ဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒေသတွေ စိုးမိုးဖို့ ရည်ရွယ်ချက်လည်းရှိတယ်။ အဲဒီတော့ ဒီနေ့ ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေ စတော့မယ်ပေါ့။ မင်းတို့လည်း သင်တန်းတွေလည်းပြည့်စုံကြပြီ။ အတွေ့အကြုံတွေလည်းအများကြီးရှိသွားပြီ။ မင်းတို့ကြံ့ကြံ့ခိုင်နိုင်မှုအတွက်လည်း အများကြီး ဂုဏ်ပြုတယ်။ နောက်ပြီးတော့ ငါတို့ တပ်ထွက်တယ်ဆိုတာကတော့ ပန်းခင်းလမ်းကို သွားတာတော့မဟုတ်ဘူး။ ဆူးခင်းတဲ့ ခရောင်းကြမ်းကို သွားကြတာ။ အဲဒီအတွက်ကြောင့် အတွေ့အကြုံအရ မင်းတို့ ဒဏ်ခံနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ငါတို့နိုင်ငံမှာ စစ်အာဏာရှင်တွေ အပါအဝင် အာဏာရှင်တွေ မရှိအောင် ငါတို့ တော်လှန်ရေးလုပ်နေတာ။ ဒီအတွက်လည်း မင်းတို့ ရည်ရွယ်ချက်တွေနဲ့ပဲ ဝင်လာကြတာ။ အဲဒီတော့ ရည်ရွယ်ချက်တွေကို မပျောက်ပါစေနဲ့။ တို့နိုင်ငံတွေက အာဏာရှင်စနစ်တွေ ပျောက်မှ ဖွံ့ဖြိုးတိုးတက်မှာ။အဲဒီအတွက် ကိုယ်ရဲ့ ရည်ရွယ်ချက်တွေ ခိုင်ခိုင်မာမာ ထားပါ” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။

လက်ရှိ တော်လှန်ရေးတွင် အောင်မြင်မှုများ ခိုင်ခိုင်မာမာရရှိထားပြီး သွေးခွဲမှုများကိုလည်း သတိထားရမည်ဖြစ်ကြောင်း၊ စည်းလုံးမှုပြိုကွဲပါက တော်လှန်ရေး ကြန့်ကြာမည်ဖြစ်ကြောင်း၊ ပြည်သူက တော်လှန်ရေး ၄ နှစ်အတွင်း ဝင်လာပြီဖြစ်၍ အလွန် ပင်ပန်းနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခုအချိန်မှာ အောင်မြင်မှုတွေ အများကြီးရနေပြီ။ အောင်မြင်မှုရတဲ့အခါမှာ သွေးခွဲတာတွေ များလာတယ်။ မင်းတို့လည်း သိပါလိမ့်မယ်။ အဲဒီကြားထဲမှာ တတိယအုပ်စုဆိုတာလည်း ရှိသေးတယ်။ သွေးခွဲကြလိမ့်မယ်။ ငါတို့ PDF တွေနဲ့ အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ခွဲတာလည်းရှိလိမ့်မယ်။ အဲဒါတွေတော့ နားမယောင်ပါနဲ့။ မင်းတို့ ခေါင်းထဲမှာ မင်းအမြဲတမ်း ထည့်ထားရမှာက အာဏာရှင် စနစ်တွေ ချုပ်ငြိမ်းဖို့က ပထမ အာဏာရှင်စနစ်ချုပ်ငြိမ်း ဒုတိယ၊ အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့က တတိယဆိုတာပဲ ဦးနှောက်ထဲ ထည့်ထား။ အာရုံတွေ ထွေ ပြားသွားရင် ငါတို့တော်လှန်ရေးက နှောင့်နှေးသွားမယ်။ နှောင့်နှေးလို့ကတော့ မရတော့ဘူး။ ဘာလို့ဆိုတော့ ၄ နှစ်ရှိသွားပြီ။ ဒီ ၄ နှစ်မှာ မင်းတို့တွေ ကြံ့ကြံ့ခိုင်နိုင်မှုအတွက်လည်း ချီးကျူးတယ်။ ပြည်သူတွေ ကြံ့ကြံ့ခိုင်နိုင်တာလည်း ချီး ကျူးတယ်။ ဒီတော်လှန်ရေးက မင်းတို့ လူငယ်တွေ ပြည်သူတွေရဲ့ တော် လှန်ရေးပဲ။ ငါတို့က ထိန်းကွပ်တဲ့ ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍကပဲ ရှိတယ်။ ရှေ့ဆက်ပြီးတော့ မင်းတို့ပဲ တိုင်းပြည်တည်ဆောက်သွားကြရမှာပဲ။ အဲဒီအတွက် ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ခိုင်ခိုင်မာမာထားပါ။ တော်လှန်ရေးကတော့ အောင်မြင်ဖို့ကတော့ နီးနေပါပြီ။ စစ်ကောင်စီ ပြုတ်ကျလုမတတ်ဖြစ်နေပါပြီ။ အကွဲအလဲဖြစ်နေပြီ ။ ဒါတွေက ငါတို့ရဲ့ ညီညွတ်မှုတွေပဲ။ ညီညွတ်မှုပြိုကွဲသွားရင်တော့ တော်လှန်ရေးက နှောင့်နှေးသွားလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်၍ ရက်စက်သော တိုက်ခိုက်မှုများ ကျူးလွန်နေပြီး တော်လှန်ရေးအောင်မြင်မှသာလျှင် ပြည်သူများ ခံစားနေရသည့် ဒုက္ခများ အဆုံးသတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခုတောင် ၄ နှစ် ပြည်သူတွေ အတော်လေး ခံနေရပြီ။ အခုအချိန်အထိလည်း စစ်ကောင်စီက လျှော့တာမဟုတ်ဘူး။ ဟိုနေရာ ဗုံးကျဲ၊ ကျေးရွာတွေကို ဆက်တိုက် မီးရှို့နေတယ်။ ပြည်သူလူထုတွေ နေစရာမရှိ၊ စားစရာမရှိ ဖြစ်နေရပြီ။ အဲဒါကို ငါတို့က ကယ်တင်ရမယ်။ ငါတို့တော်လှန်ရေးအောင်မြင်မှ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခအ၀၀ကို ဖြေဖျောက်လို့ရမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုနှင့်ပဲခူးဒေသများသို့ PDF တပ်များ ရွှေ့ပြောင်းမှုမှာ လွန်ခဲ့သော ၂ လခန့်ကပင်စတင်နေခြင်းဖြစ်ပြီး NUG ဝန်ကြီးချုပ်၏ တပ်ထွက်မိန့်ခွန်းမှာ အချိန်အနည်း ငယ်ခွာထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ခရိုင်တာဝန်ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article