ထိုင်းအစိုးရက ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၂၀၀ ကို စစ်ကောင်စီထံသို့ လွှဲပြောင်းပေး ၊ အမျိုးသားများကို စစ်မှုထမ်း တပ်သားများအဖြစ် စစ်ကောင်စီက စုဆောင်းနေ
ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ယနေ့တွင် ဖော်ပြသည်။
အမျိုးသား ၁၉၈ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်သော မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းဥပဒေအရ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး အကျဉ်းထောင် အသီးသီးက လွှတ်မြောက်လာသူများဖြစ်ကြောင်းနှင့် နေရပ်ပြန်ပို့ရေးအစီအစဉ်တွင် ၎င်းတို့ကိုယ်တိုင် ဆန္ဒအလျောက်ပါဝင်ခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောသည်။
ထိုင်းအာဏာပိုင်များမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများနှင့် အထောက်အထားမရှိဘဲ ဝင်ရောက်နေထိုင်သူများကို ဆက်တိုက်ဖမ်းဆီးနေပြီး ၎င်းတို့၏ နိုင်ငံအသီးသီးကို ပြန်လည်ပို့ဆောင်နေသည်။
ထိုအထဲတွင် ထိုင်းနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဦးစားပေးဖမ်းဆီးနေပြီး အာဏာသိမ်း စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများကို ပြုလုပ်နေသည်။
ယခု ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၀၀ အနက်မှ အမျိုးသားများကို စစ်ကောင်စီက စစ်မှုထမ်းအဖြစ် စစ်ထဲသို့ ခေါ်ယူလိမ့်မည်ဖြစ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် အဖမ်းခံခဲ့ရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရကာ ပြန်လည်လွတ်မြောက်လာသော မောင်အောင်ဆက်ပိုင်က ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး မြန်မာဘက်သို့ ပြန်လွှဲခံရသော အမျိုးသား ၁၀၀ ခန့်ကို စစ်တပ်က ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်း သင်တန်းတက်ရောက်ခိုင်းခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


