ပုလောမြို့တွင် စစ်မှုထမ်း စုဆောင်းနေသူ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းမြင့်နှင့် သား Non-CDM ဝန်ထမ်း ဝင်းမင်းထွန်းတို့ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံး
တနင်္သာရီတိုင်း၊ ပုလောမြို့တွင် စစ်မှုထမ်း စုဆောင်းနေသူ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းမြင့်နှင့် သား Non-CDM ဝန်ထမ်း ဝင်းမင်းထွန်းတို့ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊အမှတ် ၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖေဖော်ဝါလ ၂၇ ရက်နေ့ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မြိတ်ခရိုင် ပုလောမြို့ အမှတ် ၃ ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးထွန်းမြင့်နှင့် သားဖြစ်သူ Non-CDM စာတိုက်စာရေး ဝင်းမင်းထွန်းတို့ကို ၎င်းတို့၏ နေအိမ်သို့ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးလုံးနေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းမြင့်က စစ်အာဏာသိမ်းစအချိန် CDM များနှင့် မိသားစု ဝင်များကို ဖမ်းဆီးရာတွင် ဖက်ဆစ်တပ်နှင့် ပူးပေါင်းခြင်း၊ သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး အမှတ် ၃ ရပ်ကွက်အတွင်းရှိ လယ်ယာမြေများကို အိမ်ရာကွက်များ ဖော်ဆောင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ၊ ထို့ပြင် လူငယ်များကို စစ်မှုထမ်းရမည်ဟု လိုက်လံခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် သွတ်သွင်းခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“နေအိမ်မှာ ရှိတဲ့အချိန် ဝင်ပစ်တာပါ။ ပြန်ခုခံနိုင်တာမျိုး မရှိပါဘူး။ ရဲဘော်တွေ အန္တရာယ် ကင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊အမှတ် ၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ သေဆုံးသူ အုပ်ချုပ်ရေးမှူး ထွန်းမြင့်၏ သားဖြစ်သူ ဝင်းမင်းထွန်းမှာလည်း CDM များနှင့် တော်လှန် ရေးရဲဘော်များ၏ မိသားစုဝင်နေအိမ်များကို ကိုယ်တိုင် လိုက်ပြခြင်း၊ သတင်းပေးခြင်းများကို ဖက်ဆစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အပြင် စစ်မှုထမ်း စုဆောင်းနိုင်ရေးအတွက် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေ တပ် (KNDO) တပ်ရင်း ၇ ပူးပေါင်းမဟာမိတ်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ပုလောမြို့နယ်အတွင်း ကျန်ရှိနေသည့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရားဆက်လက်လည်ပတ်နိုင်အောင် ကူညီပေးခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတို့ကို ဆက်လက် လုပ်ဆောင်ခြင်းမပြုရန် တိုက်တွန်းလိုကြောင်း၊ သို့မဟုတ်ပါက အပြင်းထန်ဆုံးသော အပြစ်ပေးမှုကို ခံရမည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ က သတိပေးထားသည်။

