ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို AA က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လွှဲပြောင်းပေး
ရခိုင်ရေပိုင်နက် နတ်မြစ်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သတင်းဖော်ပြသည်။
အာရက္ခတပ်တော် AA က Teknaf ရှိ Shah Porir Dwip ၏ ဆိပ်ခံတံတားမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ထံသို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“AA က ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရေလုပ်သား ၂၉ ဦးကို နတ်မြစ်အတွင်း ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့ရဲ့ကျန်းမာရေးကို စစ်ဆေးပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ အပြီးမှာ သူတို့ရဲ့ မိသားစုတွေကို လွှဲပြောင်းပေးမှာပါ” ဟု Teknaf Upazila Nirbahi အရာရှိ Sheikh Ehsan Uddin က ပြောသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် BGB က အာရက္ခတပ်တော် AA နှင့် ကြိုး ပမ်းညှိနှိုင်းခဲ့ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၂၀ ရက်တို့တွင် ရခိုင်ရေပိုင်နက်အတွင်း ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရခိုင်ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မကြာခဏ ငါးဖမ်းလေ့ရှိပြီး အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း လိုက်လံဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
