ထိုင်း-မြန်မာ နယ်စပ်၊ ခလရ ၃၁ ပူလူတူစစ်တပ်စခန်း ကို KNLA တပ်များက ၅ ရက်မြောက် ဆက်လက်တိုက် ခိုက်နေပြီး စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်ထွက်ပြေး၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲနေ
ရန်ကုန် ၊ မတ် ၂
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်၊ လှိုင်းဘွဲ့မြို့နယ်၊ ခလရ ၃၁ တပ်ရင်း၏ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ၅ ရက်မြောက်နေ့ အဖြစ် ယနေ့ ဆက်လက် တိုက်ခိုက်နေပြီး စစ်ဘေးရှောင် ပြည်သူ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက စစ်ကောင်စီ၏ ပူလူတူစစ်စခန်းကို ဒရုန်းများဖြင့် စတင်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများစတင်ဖြစ်ပွားကြောင်း၊ နေ့စဉ်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ပြည်သူ ၅၅၀ ဝန်းကျင် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲနေပြီး KNLA တော်လှန်ရေးတပ်များကလည်း ဒရုန်းများဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် မီတာ ၈၀၀ အကွာတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ KNLA ဦးဆောင်သော တပ်များက စစ်ကောင်စီ၏ တပ်စခန်းကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရှိရသည်။
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ လူဦးရေ ၅၅၀ ဝန်းကျင် ခန့် ထွက်ပြေးလာပြီး ထွက်ပြေးလာသော ဒုက္ခသည်များကို ထိုင်းအစိုးရက နေရာ ၂ ခုခွဲ၍ လက်ခံထားကြောင်း သိရှိရသည်။


