စစ်ကောင်စီကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ပြည်သူ ၁၈၈၄ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့
အကြမ်းဖက် စစ်ကောင်စီကို လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ၄ နှစ်ကျော်ကာလအတွင်း ပြည်သူ ၁၈၈၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှုများထဲတွင် ၂ဝ၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များ၌ ဖမ်းဆီးခံရသည့် အွန်လိုင်း အသုံးပြု သူဦးရေ ပျမ်းမျှ ၇ဝဝ ကျော်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးမှုများ ထက်ဝက်လျော့ကျခဲ့ကာ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်မှ အွန်လိုင်း အသုံးပြုသူ ၃၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အများစုသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ အွန်လိုင်း အသုံးပြုသူ ၂ဝ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
Data for Myanmar ၏ စုစည်းထားမှုအရ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅ဝ ဦးခန့်သည် လစဉ် ဖမ်းဆီးခံနေရခြင်း ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး ၊ ၂ဝ၂၄ ခုနှစ်တွင် ဖမ်းဆီးခံရသူ ၃၇၅ ဦးနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၂၀ ဦး ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူအများစုသည် Facebook ပေါ်တွင်ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး Tik Tok ၊ Telegram နှင့် Viber များပေါ်တွင်လည်း ရေးသားမျှဝေသည့်အတွက် ဖမ်းဆီးခံရမှု အချို့ ရှိကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူ အများစုသည် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းမှ အွန်လိုင်းအသုံးပြုသူများ ဖြစ်ပြီး စုစုပေါင်း ၉၁၅ ဦးရှိကာ အများစုသည် Facebook ပေါ်တွင်ပြောဆိုရေးသားမှုများကြောင့်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခြင်း ၊ အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာများကို ပိတ်ပင်ခြင်း အပြင် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ယက် ပလက်ဖောင်းများကို အသုံးမပြုနိုင်အောင် ပိတ်ပင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂ဝ၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လူမှုကွန်ယက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ၊ တည်ဆဲဥပဒေများနှင့် အရေးယူခံရမည်ဟု အကြမ်းဖက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ PDF Game များကို မဆော့ရန်၊ အမုန်းစကားများ မပြောကြရန် စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ဖော်ပြခဲ့ကာ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဖမ်းဆီးအရေးယူခြင်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစောပိုင်းတွင် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ယက်မီဒီယာများတွင် ပြောဆိုရေးသားမှုများကိုသာ အဓိကထား အရေးယူခဲ့ပြီး ၂၀၂၃ နှင့် ၂ဝ၂၄ ခုနှစ်ထဲများတော့ Tik Tok ပေါ်မှ အကြောင်းအရာများကိုပါ စောင့်ကြည့်အရေးယူခြင်း ပိုမိုလုပ်ဆောင်လာကာ ဖမ်းဆီးအရေးယူခံရသူများထဲတွင် နာမည်ကြီး အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် သတင်းသမားများလည်း ပါဝင်ခဲ့ခဲ့ကာ အဆိုပါဖမ်းဆီးအရေးယူမှုများကို နေ့စဉ်သတင်းစာများနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများကပါ ဖော်ပြခြင်းများလုပ်ဆောင်ခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ဖြိုခွင်းနေစဉ် (ပုံအဟောင်းဖြစ်သည်)
