32 C
Yangon

စစ်ကောင်စီလက်အောက် အမှုမထမ်းသော ဆေးတက္ကသိုလ်ကျောင်းပြီးစ ဆရာဝန်ငယ်များကို မင်းအောင်လှိုင်က အငြိုးတကြီးဖြင့် ဆေးပညာဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်နှင့် ပညာဆက်လက်သင်ယူခွင့် ပိတ်ပင်

Must read

စစ်ကောင်စီလက်အောက် အမှုမထမ်းသော ဆေးတက္ကသိုလ်ကျောင်းပြီးစ ဆရာဝန်ငယ်များကို မင်းအောင်လှိုင်က အငြိုးတကြီးဖြင့် ဆေးပညာဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်နှင့် ပညာဆက်လက်သင်ယူခွင့် ပိတ်ပင်

ရန်ကုန်၊ မတ် ၄

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် အမှုမထမ်းသူများကို ဆရာဝန်ဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပိတ်ပင်မှုများ မင်းအောင်လှိုင်အမိန့်ဖြင့် ကျန်းမာ ရေးဝန်ကြီးသက်ခိုင်ဝင်းက လုပ်ဆောင်လိုက်ကြောင်း နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသော ဆေးတက္ကသိုလ်များတွင် ပညာသင်ယူမှု ပြီးဆုံးသွားပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆေးပညာဘွဲ့ မပေးတော့ဘဲ အမည်ပျက်စာရင်း သွင်းခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်နေကြောင်း ၊ ယခုမတ်လအတွင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များက ၁၆ ကြိမ်မြောက်၊ ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားများ ပြုလုပ်၍ ဆရာဝန်ဘွဲ့များပေးနိုင်ရန် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခဲ့ကြောင်း၊ အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် ဆေးတက္ကသိုလ်တွင် ပညာသင်ယူမှု ပြီးဆုံးပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆရာဝန် ဘွဲ့ပေးမည်မဟုတ် ကြောင်း၊ ဝန်ထမ်းမလုပ်သူများအားလုံးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပါ စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ထိုသို့ ပိတ်ပင်မှုများကို လုပ်ဆောင်မှုမှာ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ကြီး သက် ခိုင်ဝင်းက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်က စစ်အာဏာသိမ်းချိန် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးက CDM လုပ်သွားခဲ့ခြင်းအပေါ် အငြိုးတကြီးဖြင့် ပြန်လည် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ပြောဆိုသည်။

“ဘွဲ့နှင်းသဘင် ကြေညာချက်အရ ကျနော်တို့လို နောက်ဆုံးနှစ် အပိုင်းခ (၆/၂၀၁၈) အတန်းကို သင်ယူပြီးမြောက် အောင်မြင်ပြီးသူတွေ အကျုံးဝင်တယ်ဆိုလို့ ဆေးတက္ကသိုလ်-မကွေး စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနစိတ်ကို ဆက်သွယ်ကြည့်တဲ့အခါမှာ အစိုးရဝန်ထမ်းဆောင်ရွက်နေသူတွေသာ ဘွဲ့ပေးမယ်ပြောတယ်။ အဲဒါက ဆေး တက္ကသိုလ် ၁ ရန်ကုန်၊ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ဆေးတက္ကသိုလ်-မန္တလေးတွေအားလုံးမှာ ဖြစ်နေတာပါ” ဟု ဆေးတက္ကသိုလ်မှ ကျောင်းပြီးခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ၆/၂၀၁၈ အတန်းကို သင်ယူပြီးမြောက်ထားသူများသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အလုပ်သင်ပြီးဆုံးခဲ့သည့်အတန်းဖြစ်ရာ စစ်အာဏာသိမ်းဖြစ်စဉ်မတိုင်မီကပင် ကျောင်းပြီးခဲ့သူများဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ကျန်းမာရေးလောကမှ ဆရာဝန်များကို အငြိုးတကြီး ပိတ်ပင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆေးတက္ကသိုလ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

၂၀၁၂ ခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က ဘွဲ့ရပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ရမည် (သို့မဟုတ်) မထမ်းဆောင်နိုင်လျှင် မြန်မာကျပ်ငွေ ၁၀ သိန်း ပေးလျော်ရမည်ဟု ခံဝန် ကတိထိုးခဲ့ရကြောင်း၊ သို့ရာတွင် ယခုအခါ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ငွေကျပ် ၁၀ သိန်း ပေးလျှော်ခြင်း လုံး၀ လက်မခံတော့ဘဲ ဆရာဝန် ဘွဲ့မပေးခြင်း၊ ပြည်ထွက်ခွင့် မပေးခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း၊ မဟာဘွဲ့နှင့် ဘွဲ့လွန်များ ဆက်လက်ဆည်းပူးခွင့်မပြုခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့်အတူ တွေ့မြင်ရသည့် သက်ခိုင်ဝင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article