29 C
Yangon

မြင်းမူတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများနှင့် မြိတ်ရှိ တုံးဗျောကြီးရွာ စစ်တပ် အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မြင်းမူတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများနှင့် မြိတ်ရှိ တုံးဗျောကြီးရွာ စစ်တပ် အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ ရဲဘော်စမာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မြင်းမူမြို့နယ် ဂွေးပင်တောဘုန်းကြီးကျောင်းကနေ ကင်းပုန်းထွက်လာတဲ့ စစ်ခွေး အကောင် ၂၀ ခန့်ကို ၆၀ မမ ၊ စက်လက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အသေစာရင်းကတော့ အတိအကျ မသိရသေးဘူး။ ထိခိုက်တာတော့ ရှိပါတယ်။ ကျနော်တို့ CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်း တစ်ဖွဲ့တည်းပဲ လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ တပ်ဖွဲ့မှာ ရဲဘော် အသစ်တွေ ရောက်နေလို့ ရိက္ခာနဲ့ ကျည်တွေ လိုအပ်နေပါတယ်။ တော်လှန်ပြည်သူတွေကို ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တုံးဗျောကြီး စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး စခန်းအတွင်း ကျရောက် ပေါက်ကွဲတာဆိုတော့ ထိခိုက်မှုတော့ရှိနိုင်ပါတယ်။ အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ အဲစခန်းမှာက စစ်ခွေး အင်အား ၃၀ ခန့်ရှိပါတယ်” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article