လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က ကမြောကင်းတံတားကို ပိတ်လိုက်ပြီး စစ်အင်အားများ ဖြည့်တင်းနေ
ရန်ကုန်၊ မတ် ၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ကမြောကင်းတံတားကို ပိတ်လိုက်ပြီး စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စ၍ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် စရဖရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှ စတင်၍ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ ရေတပ်နှင့် ထားဝယ်မြို့ပေါ်မှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် လောင်းလုံးမြို့နှင့် အနီးအနားရှိကျေးရွာများကို ဆက်တိုက် ပစ်ခတ်နေ၍ ပြည်သူတချို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် အကြမ်းဖက် စစ်တပ်က ထားဝယ်နှင့် လောင်းလုံးကို ဆက်သွယ်ထားသော ကမြောကင်းတံတားကို ပိတ်ချလိုက်ပြီး စစ်အင်အားများ ထပ်မံ ဖြည့်တင်းနေကြောင်း သိရသည်။
” လောင်းလုံးမြို့ပေါ်က စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာ ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရတာလို့သိရတယ်။ တိုက်ပွဲကတော့ပြီးသွားပြီး စစ်ခွေးတွေကတော့ မပြီးသေးဘူး။ လက်နက်ကြီးတွေနဲ့ အခုချိန်ထိ ပစ်ခတ်နေတုန်းပဲ တောက်လျှောက်ကို ပစ်နေတာ ထားဝယ်ဘက်ကကော ခွေးရေတပ်ကကော ပစ်ခတ်နေတယ်။ ပြည်သူ တချို့တော့ တိမ်းရှောင်နေကြတယ်။ ကမြောကင်းတံတားကိုလည်း စစ်ခွေးတွေက ပိတ်လိုက်ပြီ သွားလာခွင့်မပေးတော့ဘူး။ ထားဝယ်ဘက်က စစ်ခွေးတွေလည်း အင်အား ဖြည့်နေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့အနီးအနားရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းများကလည်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
