ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီးသို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်မှု ဗုံးထိမှန်သော ကျွဲတစ်ကောင် လွင့်စင်သွားကာ သစ်ပေါ်ချိတ်၍ သေဆုံးနေ၊ လူထိခိုက်မှုမရှိ
ရန်ကုန်၊ မတ် ၉
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီးသို့ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်မှု ဗုံးထိမှန်သော ကျွဲတစ်ကောင် လွင့်စင်သွားကာ သစ်ပေါ်ချိတ်၍ သေဆုံးနေပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျရောက်သော နေရာမှာ ကျေးရွာအပြင်ဖြစ်၍ လူထိခိုက်မရှိကြောင်း၊ ကျွဲတစ်ကောင်မှာ ဗုံးထိမှန် လွင့်စင်သွားပြီး သစ်ပင်ပေါ် တက်ချိတ်၍ သေဆုံးနေကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာအပြင်တွင် မြေကျင်းကြီးများဖြစ်နေကြောင်း သိရှိရသည်။
“ကျနော်တို့ရွာထိပ်က ကုက္ကိုပင်အနီးလမ်းဆုံကို ဗုံးတစ်လုံးချတယ်။အဲလိုချလို့ စက်သုံးဆီဆိုင် ၁ ဆိုင်မီးလောင်တယ်။ ကျွဲသုံးကောင်သေတယ်။ လူထိခိုက်တာတော့ မရှိခဲ့ဘူး။နောက်ထပ်တစ်လုံးက ကျနော်တို့ကွင်းကြီးရွာနဲ့ ပေါက်ကုန်းရွာကြားမှာရှိတဲ့ စိုက်ပျိုးရေးစင်တာအနီးလယ်ကွင်းထဲကို ချသွားတယ်။ဗုံးကြဲချသွားတဲ့ နေရာ တွေမှာ ကျင်းအကြီးကြီး တွေ ဖြစ်နေခဲ့တယ်။ရွာတွေထဲချမသွားလို့ ကံကောင်းသွားတယ်” ဟု ကွင်းကြီးကျေးရွာသားက ပြောဆိုသည်။
လေယာဉ်ဗုံးဖြင့် ကျဲခံရသည့် နေရာအနီးတွင်ရှိနေသော ကွင်းကြီးရွာမှာ အိမ်ခြေ ၂၀၀ ရှိသော ကျေးရွာဖြစ်ပြီး စစ်တပ်၏ ဗုံးကျဲမှုကြောင့် ဒေသခံ ပြည်သူအများစုဟာ နေရပ်စွန့်ခွာ နေကြရကြောင်း သိရှိရသည်။



