ထားဝယ်နှင့် ရေဖြူ ရှိ စစ်တပ် စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ် ၂ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ဟားလီးကွေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီခန့်တွင်လည်း ရေဖြူမြို့အဝင် တံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးလက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းဦးဆောင်မှုနှင့် အတူ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးအရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန်နှင့် အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်မှ စစ်သားများ၊ ရဲများ ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြရန် ဒူရကစစ်ကြောင်းက တိုက်တွန်းဖိတ်ခေါ်ထားသည်။
