တောင်သာမြို့နယ်၊ အေးကြင်းရွာ ဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာ ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် အေးကြင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဘုရားဝင်း အတွင်းရှိ ဓမ္မာရုံကို လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွငး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘုရားဝင်း အတွင်းရှိ အဆောက်အဦးများလည်း ထိခိုက် ပျက်စီးမှု ရှိကြောင်း သိရှိရသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ဗုံးကျဲသွားတာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးတယ်။ အမျိုးသား ၁ ဦး ပြင်းထန်း ဒဏ်ရာရတယ်။ ဒဏ်ရာ အခြေအနေက အသက် အန္တရာယ် စိုးရိမ်တယ်။ အဆောက်အဦးတွေလည်း ဖျက်ဆီးမှုရှိပါတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းအသုံးပြုကာ ပြည်သူများ နေထိုင်ရာများကို ဗုံးကျဲ တိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်လာသောကြောင့် လေယာဉ်သံနှင့် စက်တပ်လေထီးသံ ကြားပါက ဗုံးခိုကျင်းများအတွင်း ပုန်းခိုကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေး နှိုးဆော်ထားသည်။


