မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့တွင် မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက် အရှေ့ဘက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများတပ်စွဲထားသော နေရာကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း မြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ်တပ် တပ်ကူများ ရောက်လာသောကြောင့် မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေးတွေဘက်က ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်လို့ သိရတယ်။ ထိတွေ့မှုက မိနစ် ၂၀ ခန့်ဖြစ်ပွားတယ်။ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ တိုက်ပွဲ အတွင်းပြည်သူတွေအသွားအလာမလုပ်ဖို့ အသိပေးချင်တယ်” ဟု Freedom Fighter Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force အဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာ နေရာများအတွင်း ပြည်သူများအနေဖြင့် အသွားအလာ မပြုလုပ်ကြရန် အထူး မေတ္တာရပ်ခံထားသည်။
