ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး သေဆုံးခဲ့သည့် Assumption တက္ကသိုလ်မှ မြန်မာကျောင်းသား အတွက် တရားမျှတမှု ရရှိရေး မိသားစုဝင်များ တောင်းဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Assumption University အနီးတွင် မြန်မာကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ကား တစ်စီး ပြင်းထန်စွာ တိုက်ခဲ့သည့်အတွက် မြန်မာကျောင်းသား တစ်ဦး သေဆုံးခဲ့ရပြီး အဆိုပါ ဖြစ်ရပ်အတွက် တရားမျှတမှု ရရှိရေး သေဆုံးသူ ကျောင်းသား၏ မိသားစုဝင်ဖြစ်သော အသက် ၁၉ နှစ်အရွယ်ကျောင်းသားက ဦးဆောင်၍ တရားမျှတမှုရရှိရေးတောင်းဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ၂ ဦး ဆိုင်ကယ်နှင့် တက္ကသိုလ်အသွားလမ်းတွင် ယာဉ်စည်းကမ်း ချိုးဖောက်ကာ မျဉ်းသေကို ဖြတ်ကွေ့လာသည့် ကားတစ်စီးနှင့် တိုက်မိ၍ တစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မတော်တဆမှု ဖြစ်ပွားပြီးချိန်တွင် အရေးပေါ်ကုသမှုမရရှိခဲ့ဘဲ နှောင့်နှေးကြန့်ကြာမှု၊ Assumption တက္ကသိုလ်၏ လစ်လျူရှုမှုတို့ကြောင့် ကျောင်းသား ၁ ဦး အသက်သေဆုံးခဲ့ရသည့်အတွက် တရားမျှတမှုရရှိရေးတောင်းဆိုရခြင်းဖြစ်ကြောင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်ခဲ့သူသည် တားမြစ်ထားသည့် ဂငယ်ကွေ့ကို မဆင်မခြင်ကွေ့ခဲ့၍ လမ်းမှန်အတိုင်း မောင်းနှင်လာသည့် ကျောင်းသားများ ဆိုင်ကယ်အရှိန်မသတ်နိုင်ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
လူသေဆုံးရသည်အထိ ယာဉ်တိုက်မှု ပြင်းထန်ခဲ့သော်လည်း တက္ကသိုလ်တွင် CCTV မှတ်တမ်းနှင့် ကား Black Box မှတ်တမ်းလည်း မရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သော ကျောင်းသားများကို ဆေးရုံသို့ ပို့ဆောင် ရန်တွင်လည်း တက္ကသိုလ်ပိုင် လူနာတင်ယာဉ်သည် တာယာပေါက်ကာ ပျက်စီးနေခဲ့သည့်အတွက် ဆေးကုသခွင့်မရဘဲ ၁ နာရီ နီးပါးကြာအောင် လဲနေခဲ့ရကြောင်း သေဆုံးခဲ့ရသည့် ကျောင်းသား၏ မိသားစုဝင်က လူမှုကွန်ရက်သို့ မျှဝေသည့် စာတွင် ဖော်ပြထားသည်။
ထိုသို့ တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသား အသက်ဆုံးရှုံးရသည်အထိ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် တက္ကသိုလ် တာဝန်ရှိသူများက ကူညီပေးခြင်းမရှိခဲ့ကြောင်း၊ Ruamchai Pracharug ဆေးရုံသို့ ရောက်ရှိချိန်တွင်လည်း Passport စာအုပ်မပါခဲ့သည့်အတွက် ဆေးရုံ၏ ဆေးကုသရန် ငြင်းဆန်ခြင်း ကြံတွေ့ခဲ့ရကြောင်း၊ ထိုကဲ့သို့ မလိုလားအပ်သည့် အချိန်ကြာမြင့်ခြင်းများဖြစ်ပွားခဲ့ရသည့်အပြင် ဆေးရုံရောက်ချိန်တွင်လည်း ဘတ် ၂ သိန်း ပေးမှသာ ခွဲစိတ်ပေးမည်၊ သို့မဟုတ်ပါက ခွဲစိတ်ကုသမှု မလုပ်ပေးနိုင်ဟူ၍ ပြောဆိုခြင်းများ ကြုံခဲ့ရပြီး ပြင်းထန်ဦးနှောက်ဒဏ်ရာကို ခွဲစိတ်မှု ပြီးသည့်နောက်တွင် ၁၀ ရာခိုင်နှုန်းသာ ကျန်ခဲ့ပြီး ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။
ထိုသို့သော ဖြစ်ရပ်များ သေဆုံးသူနှင့် မိသားစုများ ကြုံတွေ့ခဲ့ရသော်လည်း ကျောင်းဘက်မှ လိုက်ပါ ကူညီခြင်းမရှိဘဲ ကျူးလွန်သူ ကားသမားသည်လည်း ပြစ်ဒဏ်လျော့ပေါ့ရေးအတွက် ရဲစခန်းတွင် ခံဝန်ပြေးထိုးခြင်းများ လုပ်ဆောင်ကာ ညနေ ၄ နာရီခန့်တွင်မှ ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း ၊ Assumption University က ဈာပနအတွက်ဟုဆိုကာ ကားသမားဆီမှ ဘတ် နှစ်သောင်း လာပေးခဲ့ကာ တရားခံကို တရားစွဲဆိုကာ တရားမျှတရေးတောင်းဆိုမှု မလုပ်ရန် ဖိအားပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ မိသားစုဝင်များက ကားသမားကို ဘတ် နှစ်သောင်း ပြန်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ အသက် ၁၇ နှစ်အရွယ် ကျောင်းသားကိုလည်း ကျောင်း၏ ဝန်ထမ်းများက “မင်း ကိုယ့်နိုင်ငံကိုယ်မပြန်ချင်ဘူးဆိုရင် တို့တွေကို လေးစားပါ” ဟု ပြောဆိုကာ ထပ်မံကြိမ်းမောင်းခြင်းများ လုပ်ဆောင်ခဲ့ပြီး ကျောင်းတာဝန်ရှိသူများက ထိခိုက်နစ်နာသူများအပေါ် စာနာစိတ်ကင်းမဲ့သည့် ပုံစံများ ပြသခဲ့ကြကြောင်း၊ နစ်နာသူမိသားစုများကို ကူညီပေးနေသည့် မြန်မာ ကျောင်းဆရာများကို နှောက်ယှက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။
လက်ရှိတွင် နစ်နာသူမိသားစုဝင်များသည် တရားခံ ယာဥ်မောင်းအပါအဝင် တက္ကသိုလ်၏ တာဝန်မဲ့မှုကိုပါ တရားစွဲဆိုထားပြီး တရားမျှတမှု ရသည်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ထုတ်ဖော်ထားသည်။
