အာရက္ခတပ်တော် AA နှင့် ဆက်ဆံရေး ပြေလည်နေဟု ဘင်္ဂလားဒေ့ရှ်ပြော
အာရက္ခတပ်တော် AA နှင့် နယ်စပ်အရေးအပါအဝင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ပြောသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် မီဒီယာများ မတ်လ ၁၃ ရက်တွင် တွေ့ဆုံချိန် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခြင်းဖြစ်သည်။
“နယ်စပ်မှာ AA နဲ့ ဆက်ဆံရေး ပြေလည်မှုရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ကိစ္စ အဆက်အသွယ်တွေကို ကျနော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။
အာရက္ခတပ်တော် AA နှင့် ဆက်ဆံရာတွင် ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော အခြေအနေများကို အမြဲစောင့်ကြည့်ကာ နယ်စပ်အရေးကို ကာကွယ်စောင့်ရှောက်ထားကြောင်း Shafiqul Alam က ဆိုသည်။
“AA နဲ့ ထိတွေ့ဆံဆက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်အတွင်းက အခြေအနေတွေကို အမြဲစောင့်ကြည့်နေပါတယ်။ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ ကာကွယ်စောင့်ရှောက်ရပါမယ်” ဟု ပြောသည်။
ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက အမြဲကြိုးပမ်းနေပြီး အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံ စကားပြောရမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က လက်ခံထားကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် မြန်မာစစ်တပ်ကြောင့် ရောက်ရှိသွားကြသည့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးအတွက် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည်။
ယမန်နေ့ မတ်လ ၁၄ ရက် နံနက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အကြီးအကဲ ယူနွတ်စ်နှင့် ဂူတာရက်စ်တို့ တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် ကော့ဘဇားရှိ မွတ်စလင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာကို တောင်းဆိုသွားမည်ဟုယူနွတ်စ်နှင့် တွေ့ဆုံချိန်တွင် ပြောကြားထားသည်။
Ref: DhakaTribune
