စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO/PNAမှ ဗိုလ်ကြီး ခွန်ဇော် ရခိုင်တိုက်ပွဲတွင် သေဆုံး
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)မှ ဗိုလ်ကြီး ခွန်ဇော်သည် ရခိုင်တိုက်ပွဲတွင် သေဆုံးသွားကြောင်း သေဆုံးသူ ဗိုလ်ကြီး ခွန်ဇော်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့ ရခိုင်တိုက်ပွဲတွင် ဗိုလ်ကြီးခွန်ဇော် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နာရေးရက်လည်ဆွမ်းသွပ်ကို ဖိတ်ကြားထားကြောင်း၊ ဗိုလ်ကြီးခွန်ဇော်သည် PNO ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။
“PNO ဗိုလ်ကြီးခွန်ဇော်က ဆီဆိုင်၊ ဘုရားဖြူရပ်ကွက်ကပါ။ သူက ဘွဲ့ရပြီးမှ စစ်တပ်ထဲဝင်တာပါ။ အရင် ပြည်သူ့စစ်ကနေ တပ်ထဲဝင်တာ။ ဒရုန်းနည်းပညာပိုင်း တာဝန်ယူထားရတယ်။ ဗမာစစ်သားတွေနဲ့ပေါင်းပြီး ရခိုင်တိုက်ပွဲမှာ သွားတိုက်ရင်း သေဆုံးတာပါ” ဟု မိတ်ဆွေတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရှေ့တန်း စစ်မြေပြင်များတွင် ပူးပေါင်းပါဝင်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

