ကသာမြို့သို့ ထွက်ပြေးနေသည့် တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်မှု စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထား
စစ်ကိုင်တိုင်း၊ ကသာမြို့သို့ ထွက်ပြေးနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်ရာ စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ် ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်ကို စစ်ကူလာသည့် တပ်မ ၇၇ မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးသေဆုံးပြီး ၃၀ ဦးအရှင်ဖမ်းမိ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကသာမြို့ဘက်ကို ဖွဲ့စည်းပုံပျက်၍ ထွက်ပြေးနေခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များကလည်း နောက်မှ လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်း အရှင် ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ၃၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
ကျန်ရှိနေသည့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံ ဖမ်းဆီးနေပြီး နယ်မြေရှင်းလင်းရေးများလည်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ဒီနေ့ ကသားမြို့ဘက်ကို ဖွဲ့စည်းပုံပျက်ပြီး ခြေဦးတည့်ရာထွက်ပြေးနေတဲ့ စစ်ခွေးတွေထဲက ၄ ကောင်ကို ထပ်မံ အရှင်ဖမ်းမိပါတယ်။ စုစုပေါင်း ဖမ်းဆီးရမိတာ ၃၄ ဦးထိ ရှိလာပြီ ကျန်ရှိနေတဲ့ စစ်ခွေးတွေကို လိုက်လံ ဖမ်းဆီးနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
