မြိုင် ကန်နီရွာမှ ပျူစောထီးများက တောမီးရှို့နေ၍ PDF တပ်ဖွဲ့ဝင်များ လိုက်လံ ငြိမ်းသတ်နေရ၊ ကျောက်တံခါးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရ
ရန်ကုန်၊ မတ် ၁၇
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီးများက တောမီးရှို့နေ၍ PDF တပ်ဖွဲ့များက လိုက်လံ ငြိမ်းသတ်နေရကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီးများက အင်အားအလုံးအရင်းဖြင့် ကျေးရွာအတွင်းမှ ထွက်ခွာလာပြီးနောက် တောမီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မီးရှို့သွားပြီးနောက် ပျူစောထီးအားလုံး ကျွေးအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ မီးငြိမ်းသတ်နေသော်လည်း နွေရာသီဖြစ်သောကြောင့် မီးလောင်ကျွမ်းမှု အားကောင်းပြီး လက်ရှိချိန်ထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ကန်နီပျူစောထီးရွာ အခြေကနေ မီးရှို့တာ ရွာရဲ့ အရှေ့တောင်ဘက်အခြမ်း ၁ မိုင်ခွဲလောက်တောတွေ လောင်နေတာပါ။ ကျွန်တော့်အထင်တော့ ရွာပတ်ပတ်လည်ကို တော်လှန်ရေးအဖွဲ့တွေလာရင် အမြင်ရှင်းအောင် လုပ်နေတယ်လို့ ထင်တယ်။ မီးငြိမ်းသတ်ဖို့ သွားရောက်ခဲ့ပေမယ့် မီးများတယ်။ မငြိမ်းသတ်နိုင်သေးဘူး။ လက်ရှိချိန်ထိ လောင်နေတုန်းပဲ” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ဖိုးတရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် ဒေါ်လှထွေး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကွင်းချောင်းဝကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖိုးတကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲပြီး ဖိုးတကျေးရွာက ဒေါ်လှထွေး လက်နက်ကြီးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

