မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးပေးရန် အရပ်ဘက်အဖွဲ့ပေါင်း သုံးရာနီးပါး တောင်းဆို
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် တရုတ်နှင့်ဆက်နွှယ်နေသော စီးပွားရေးလုပ်ငန်းများတွင် အကျိုးစီးပွားပဋိပက္ခများ ရှိနေနိုင်သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၉၀ က မတ်လ ၁၇ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် အထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရပ်တန့်ရန်နှင့် မြန်မာ့အရေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်ရိုက်ကိုင်တွယ်ပေးရန်တို့ကိုလည်း တောင်းဆိုထားပြီး၊ ဂျူလီဘိရှော့ကို စစ်ဆေးပြီးပါက တွေ့ရှိချက်များအား အများပြည်သူသိအောင်ချပြရန်ကိုလည်း တောင်းဆိုထားသည်။
ဂျူလီဘိရှော့လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ သတ္တုလုပ်ငန်းများ၊ တရုတ်အစိုးရပိုင်ကုမ္ပဏီများးနှင့် ဆက်နွှယ်မှုများ ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ဂျူလီဘိရှော့သည် မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းလုပ်နေကိုင်နေသော တရုတ်အစိုးရပိုင် Shenghe Resources ကုမ္ပဏီနဲ့ China Communications Construction Company တို့နှင့် အကျိုးစီးပွားဆက်နွယ်မှုများ ရှိနေနိုင်ခြင်းကြောင့် ဘက်မလိုက်မှု သမာသမတ်ကျမှုနှင့် မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအပေါ် ထိခိုက်မှုများ ပိုမိုဖြစ်လာစေနိုင်သည်ဟု အိတ်ဖွင့်ပေးစာတွင် ထောက်ပြပြောဆိုထားသည်။
မြန်မာစစ်အုပ်စုမှ ပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများများကို တရုတ်အစိုးရက အားပေးကူညီလျက်ရှိနေကြောင်းကို အထောက်အထားများ ရရှိဖော်ပြထားပြီး ဖြစ်သည်ဟုလည်း အဆိုပါအိတ်ဖွင့်ပေးစာအတွင်းတွင် ဖော်ပြထားသည်။
ဂျူလီဘိရှော့နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများ ပတ်သက်ဆက်နွယ်မှုအပေါ်တွင် အကျိုးစီးပွားပဋိပက္ခများ ရှိနိုင်ခြင်းကြောင့် ကုလသမဂ္ဂအနေနှင့် စုံစမ်းစစ်ဆေးပေးရန် Justice for Myanmar (JFM) အဖွဲ့က မတ်လ ၉ ရက်နေ့က ထုတ်ပြန်တောင်းဆိုခဲ့အပြီး၊ အရပ်ဘက်အဖွဲ့များက ယခုလို အိတ်ဖွင့်ပေးစာ ပေးပို့ကာ ထပ်မံတောင်းဆိုလာခြင်းလည်းဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂသည် မြန်မာပြည်သူများ၏ အသက်များစွာအပေါ် အန္တရာယ်ဖြစ်စေမည့် ဗြောင်ကျလှသော စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများရှိနေသည့် အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံ၏အကျပ်အတည်း ဖြေရှင်းရန်တာဝန်ကို ဆက်လက်ပေးအပ်ထားမည် ဆိုပါက အလွန်ပင်ကျိုးကြောင်းဆင်ခြင်မှု နည်းပါးလှသော လုပ်ရပ်ဖြစ်စေမည်ဟုလည်း အဆိုပါအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အထူးကိုယ်စားလှယ်၏ အကျိုးစီးပွားဆိုင်ရာပဋိပက္ခသည် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အန္တရာယ်ကျရောက်စေနိုင်သောကြောင့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းရုပ်သိမ်းပေးရန် ကုလသမဂ္ဂအထွေထွေညီလာခံ– UNGA ထံသို့လည်း အရပ်ဘက်အဖွဲ့များက စာပေးပို့တောင်းဆိုထားသည်။
