ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေး
ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင်း ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း PDF တပ်ဖွဲ့များက စစ်တပ်ဂိတ်တစ်ခုလုံးကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး ဂိတ်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဂိတ်စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သား အားလုံးသည် အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲက နံနက် ၁ နာရီ ၃၀ မိနစ်ကနေ ၃ နာရီ လောက်ထိကြာတယ်။ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေ အကုန်လုံး စစ်ကွင်းမြို့ထဲကို အလံဖြူထောင်ပြီး အော်ပြေးလာတာ ပြည်သူတွေကထွက်ကြည့်တော့ ဆဲတောင်းဆဲသွားသေးတယ်။ ပုဆိုးတောင် မပါတဲ့ ကောင်တွေရှိတယ်။ လက်နက်မပါလာတဲ့ ကောင်တွေကော အလောင်းထမ်းလာတဲ့ ကောင်တွေကော အားလုံးပေါင်း ၃၀ ဝန်းကျင်လောက်ရှိမယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအကြမ်းဖက် စစ်တပ်ဂိတ်သည် ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးနေပြီး ဂိတ်ကို ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဂိတ်စခန်းကို လာရောက် ဖျက်သိမ်းခဲ့ပြီး စစ်ကွင်းမြို့ပေါ်နှင့် မင်းလှမြို့ပေါ်တွင် ခံစစ်ပြင်ဆင်နေကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ဦးတိုကညင်ပင်ရွာ၊ ဦးတိုမြန်မာစုရွာနှင့် ဦးတိုစာဖြူစုရွာ တို့ကို ဝင်ရောက် မွှေနှောက်ပြီး ပြည်သူပိုင် ဆိုင်ကယ် ၂ စီးကို ခိုးယူသွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူများထံ ရန်ကုန်ခေတ်သစ် မီဒီယာက ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
